News

POST TYPE

REGIONAL

ချောင်းသာ၊ ရွှေသောင်ယံ၊ မကျီးကားလမ်းများ ပျက်စီးနေသဖြင့် မော်တော်ယာဉ်များ အခက်တွေ့
31-Aug-2016
ပုသိမ်၊ သြဂုတ်  ၃၀ 

ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေမြို့နှင့်  ရွှေသောင်ယံကမ်းခြေ မြို့မကျီးရွာ၊ သဲကုန်းရွာများသို့ ဆက်သွယ် ဖောက်လုပ်ထားသော ကားလမ်း ၃ လမ်းမှာ  မိုးသည်းထန်စွာ ရွာသွန်း၍ လမ်းများ ပျက်စီးနေသောကြောင့် ခရီးသည်တင် ယာဉ်များနှင့် ကုန်စည်ပို့ဆောင်ရေး ယာဉ်များ အခက်အခဲများ တွေ့ကြုံနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ လမ်းများတွင် မိုးရွာသွန်းမှုကြောင့် ချိုင့်များနှင့် ရွှံ့ဗွက်အိုင်များ ဖြစ်ပေါ်နေသဖြင့် ကုန်စည်စီးဆင်းမှုနှင့် သွားလာရေးတို့တွင် အခက်အခဲကြုံနေပြီး ကုန်စီးဆင်းမှု ကြန့်ကြာသဖြင့် မိုးရာသီတွင် ကုန်ဈေးနှုန်း မြင့်တက်မှုကို နှစ်စဉ် ကြုံတွေ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

၉ မိုင်ရှည်လျားသော ချောင်းသာ ရွှေသောင်ယံ ကမ်းခြေလမ်းလမ်း အမှတ် (၁) မှာ မိုးအခါတွင် အသုံးပြု၍ မရကြောင်း၊ ခရီးအရှည် ၉ မိုင်ရှိ ချောင်းသာ၊ ရွှေသောင်ယံ၊ မကျီးကားလမ်း လမ်းအမှတ်(၂)မှာလည်း ချောင်းသာမှအထွက် မေဖလားဝါး ဟိုတယ် အနောက်ဘက်တွင် လည်းကောင်း ကျောက်မောင်နှမ အဆင်းတွင် နှစ်မိုင်ခန့် ပျက်စီးနေကြောင်း၊ လမ်းအမှတ် (၃) ဖြစ်သည့်  ၇မိုင်ခန့်ရှည်သော ဆိပ်ကြီး -ရွှေသောင်ယံ - မကျီးကားလမ်းမှာ ပြီးခဲ့သောနှစ်က ဖောက်လုပ်ထားသော မြေသားလမ်းဖြစ်ပြီး မိုးရာသီတွင် သွားလာ၍ မရကြောင်း  ရွှေသောင်ယံ ကမ်းခြေမြို့အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးဝင်းက ပြောကြားသည်။

"မိုးအခါ ဗွက်အိုင်တွေနဲ့ နွေအခါ ဖုန်တထောင်းထောင်းနဲ့ ကမ်းခြေ အပန်းဖြေ စခန်းမြို့ ဖြစ်တာကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းအောင် လုပ်ပေးစေချင်ပါတယ်၊ တာဝန်ရှိသူတွေကို တင်ပြထားပါတယ်၊ ဒါပေမဲ့ ဖြစ်မလာသေးဘူး"ဟု ၎င်းက ရှင်းပြသည်။

ပုသိမ်မှ မကျီးအထိ မိုင် ၅၀ ရှိပြီး ရာသီဥတု မကောင်းသော်လည်း လမ်းကောင်းပါက နေ့ချင်းပြန်နိုင်ကြောင်း လမ်းမကောင်းသည့်အခါတွင် အသွားအပြန် ၅ရက်ခန့် ကြာသဖြင့် မိုးတွင်းကာလတွင် တစ်လလျှင် ၃ ခေါက်သာ သွားနိုင်ကြောင်း၊ သွားလာရေးအတွက် အချိန်ပေးရသဖြင့် ဆန်တစ်အိတ်လျှင် ကျပ်၁၀၀၀ မှ ၁၅၀၀ ကျပ်အထိ တိုးယူကြောင်း၊ လမ်းခရီးသွားလာရာတွင် အသက်အန္တရာယ် ရှိသဖြင့် ရာသီဥတုကောင်းပြီး မြေသားမာလာချိန်ကို စောင့်ဆိုင်းကာ သွားလာနေရကြောင်း ယင်းဒေသသို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သည့် ဦးကျော်မြင့်က ပြောကြားသည်။

ယင်းလမ်းများမှာ ရွှေသောင်ယံမြို့ စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်သော လမ်းဖြစ်သော်လည်း လမ်းတစ်ခုလုံး ပြုပြင်ရန် ငွေကြေးမလုံလောက်ကြောင်း၊ ယခုနှစ် ပွင့်လင်းရာသီတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးငွေဖြင့် လမ်းများ ကောင်းမွန်ရန်အတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။  

အဆိုပါ ကားလမ်းသုံးလမ်းမှာ ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့မှ ချောင်းသာ၊ ရွှေသောင်ယံမြို့များနှင့် ကျေးရွာပေါင်း၂၀ကျော်ကို ဖြတ်သန်းကာ သဲကုန်းကျေးရွာတွင် ပေါင်းဆုံပြီး သာပေါင်းမြို့နယ် ဘောမိကျေးရွာအထိ ရောက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းရိုးတန်းပတ် လမ်းမကြီးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးထံမှ သိရှိရသည်။


  • VIA