News

POST TYPE

REGIONAL

အိန္ဒိယနိုင်ငံ ဆရာဝန်အဖွဲ့က တမူးမြို့ ဒေသခံများကို အခမဲ့ ဆေးကုသရန် စီစဉ်
29-Aug-2016
ကလေး၊ သြဂုတ် ၂၉ 

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖား မြို့တွင် ရှိသည့် Shija ဆေးရုံမှ ဆရာဝန်များက  စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ - အိန္ဒိယ နယ်စပ် တမူးမြို့နေသူများကို အခမဲ့ ဆေးကုပေးရန် စီစဉ်နေကြောင်း တမူးမြို့၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက ပြောကြားသည်။

တမူးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် သြဂုတ်လ ၂၈ ရက်နေ့က ယင်းဆရာဝန်အဖွဲ့က လာရောက်ခဲ့ပြီး တမူးခရိုင်မှ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် အမတ်များဖြင့် တွေ့ဆုံခဲ့ကြောင်း၊ တမူးမြို့ရှိ  နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို  အဓိက ထားကာ ဆေးကုသပေးကာ အခြားသော ရောဂါ ၁ဝ မျိုးကို အခမဲ့ ကုသပေးရန် လာရောက် ညှိနှိုင်းခဲ့ကြောင်း၊ အင်ဖားမြို့မှ ဆရာဝန်များက မန္တလေးမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ ကောင်စစ်ဝန်ရုံးတွင် ဆေးကုသခွင့်ရရန်  တင်ပြထားပြီး ခွင့်ပြုချက် ရပါက  ကုသပေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

“အခုက အကြို ညှိနှိုင်းတဲ့ သဘောပေါ့၊ ခွင့်ပြုချက် တင်ထားတာ ကျပြီဆိုတာနဲ့ အသေးစိတ် ညှိနှိုင်းမှု ပြန်လုပ်မယ်၊ စက်တင်ဘာလထဲလောက်မှာ လုပ်ဖြစ်မှာပါ”ဟု ၎င်းက ရှင်းပြသည်။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖား မြို့ Shija ဆေးရုံမှ ဆရာဝန် ၄၄ ဦးသည် ကလေးမြို့ရှိ ကင်ဆာ၊ အသည်းရောဂါနှင့် HIV ဝေဒနာရှင်များအား အခမဲ့ စမ်းသပ် စစ်ဆေးပေးမှု ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့ တို့တွင် လူနာ ၁ဝဝဝ ကို   လာရောက် ဆေးကုသခဲ့ပြီး ၂ဝ၁၄ ခုနှစ်အတွင်းကလည်း တမူးမြို့၊ ပြည်သူ့ဆေးရုံတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို အခမဲ့ စမ်းသပ် ကုသပေးခဲ့ကြောင်း တမူးမြို့နှင့် ကလေးမြို့ ပြည်သူ့ဆေးရုံ မှတ်တမ်းများအရ သိရသည်။


  • VIA