News

POST TYPE

REGIONAL

ပဲခူး MJA မှ လစ်လပ်နေရာများအတွက် အသစ်ပြန်လည် ရွေးချယ်
29-Aug-2016

တောင်ငူ၊ သြဂုတ်၂၉

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အတွက် နုတ်ထွက်ပေးခဲ့ရသည့် ပဲခူးတိုင်း သတင်းစာဆရာများအသင်း (MJA) ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး နေရာများအတွက် သြဂုတ် ၂၈ ရက်က အသစ်ပြန်လည် ရွေးချယ်ခဲ့ကြကြောင်း အဆိုပါ အသင်းထံမှ စုံစမ်းသိရှိရသည်။

“အသင်းအလုပ်အမှုဆောင် အစည်းအဝေးနဲ့အတူ လစ်လပ်သွားတဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး နေရာတွေကို အများဆန္ဒသဘောထားနဲ့ ပြန်လည်ရွေးချယ်ခဲ့ကြတာပါ။ အသင်းဗဟိုအလုပ်အမှုဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း အလုပ်အမှုဆောင် ဦးသူရက ပြောသည်။

ပဲခူးတိုင်း သတင်းစာဆရာအသင်း ဥက္ကဋ္ဌအဖြစ် ဦးအောင်မြင့် (အောင်ဓာတု)၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဦးတင်စိုး၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဦးမြင့်ဦးနှင့် အတွင်းရေးမှူးအဖြစ် ဦးရွှေဘုန်းအောင်တို့ကို ရွေးချယ်တင်မြောက်ခဲ့ကြသည်ဟု ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် သတင်းစာဆရာများက ပြောဆိုသည်။

အဆိုပါ အသင်းအလုပ်မှုဆောင် ကော်မတီ အစည်းအဝေးနှင့် လစ်လပ်နေရာများ ပြန်လည်ရွေးချယ် တင်မြှောက်ပွဲကို ပဲခူးမြို့ မဟာစေတီဘုရားဝင်း သီရိမင်္ဂလာ ဓမ္မာရုံ၌ သြဂုတ် ၂၈ ရက် နံနက် ၁၁ နာရီက ကျင်းပခဲ့ခြင်းဖြစ်ကာ အခမ်းအနားသို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ဗဟို) မှ တွဲဖက်အတွင်းရေးမှူး (၂) ဒေါ်လတ်လတ်စိုး၊ ပြန်ကြားရေးမှူး ဦးအောင်သူရတို့ တက်ရောက်ခဲ့ကြပြီး အများဆန္ဒဖြင့် လစ်လပ်ရာထူး နေရာများအတွက် ရွေးချယ်တင်မြှောက်ပေးခဲ့ကြကြောင်း ပဲခူးတိုင်း MJA အသင်းမှ စုံစမ်းသိရှိရသည်။

အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် တောင်ငူခရိုင် ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များမှ သတင်းစာဆရာ စုစုပေါင်း ၄၀ ကျော် တက်ရောက်ခဲ့ကြကြောင်း ဒေသခံ သတင်းစာဆရာများထံမှ စုံစမ်းသိရှိရသည်။

ရွေးကောက်ပွဲ ဝင်ရောက်ခဲ့သည့်အတွက် အသင်းမှ နုတ်ထွက်ခဲ့ကြသည့် သတင်းစာဆရာများမှာ ပဲခူးမှ ဦးစိန်လှိုင်ဗိုလ်၊ တောင်ငူမှ ဦးမောင်ဆွေနှင့် အုတ်တွင်းမှ ဦးသိန်းဝင်းတို့ ဖြစ်သည်ဟု အလုပ်အမှုဆောင် အစည်းအဝေး တက်ရောက်ခဲ့ကြသူများထံမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ - သူရအောင်