News

POST TYPE

REGIONAL

လက်ပံတောင်း သပိတ်စခန်း ဖျက်ခံရသော်လည်း အသစ်ပြန်ဖွင့်
မုံရွာ၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်သည့် ဒေသခံတောင်သူများ၏ သပိတ်စခန်းကို ယနေ့ (အောက်တိုဘာ ၁၂ ရက်) နံနက် ၁ နာရီခွဲခန့်က လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဖြိုဖျက်ခဲ့သော်လည်း အသစ်ပြန်လည်ဖွင့်လှစ်ကာ တောင်းဆိုမှုများ ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။

အဆိုပါ ဆန့်ကျင်ရေးသပိတ်စခန်းကို ပုသိမ်- မုံရွာ ကားလမ်းဘေးတွင် အောက်တိုဘာလ ၉ ရက်နေ့ ညကစတင်၍ မိုးကြိုးပြင် အလယ်ရွာတွင် ဖွင့်ခဲ့ခြင်းဖြစ်ပြီး အစားထိုးမြေဧက ၁၉၀၀ ရရှိရန်နှင့် ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့မှ အကြီးအကဲများဖြင့် တွေ့ဆုံဆွေးနွေးခွင့်ရရန် လက်ပံတောင်းတောင် ဒေသခံများက တောင်းဆိုလျက်ရှိသည်။

“မိနစ်ပိုင်းပဲ ကြာတယ်။ အကုန် ဖျက်ယူသွားတယ်။ လူတွေ ထိခိုက်အောင်တော့ မလုပ်ဘူး”ဟု သပိတ်စခန်းခေါင်းဆောင် ဦးဝင်းကျော်က ဆိုသည်။

ယင်းသို့ ဖျက်ဆီးယူဆောင်သွားသဖြင့် ဝါးအလုံး ၅၀ ခန့် အလံ ၇ ခုနှင့် ဗွီနိုင်းသုံးခု ဆုံးရှုံးသွားသော်လည်း ယခုအချိန်တွင် စခန်းအားအသစ်ကို ပြန်လည် တည်ဆောက်ပြီးစီးကာ တောင်းဆိုချက်များ မရမချင်း တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။