POST TYPE

REGIONAL

ဘာသာပေါင်းစုံ ဆုတောင်းပွဲ ပုသိမ်တွင် လေးပတ် ဆက်တိုက်လုပ်မည်
11-Oct-2017 tagged as ပုသိမ်


ပုသိမ်၊ အောက်တိုဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားများကို လေးပတ် ဆက်တိုက် လုပ်ဆောင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထံမှ သိရသည်။ 

မြန်မာနိုင်ငံတော်ကြီးနှင့် နိုင်ငံသူ နိုင်ငံသားများ ငြိမ်းချမ်းသာယာအောင် ရည်ရွယ်ပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း တိုင်း NLD ပါတီမှ လူငယ်အဖွဲ့ခေါင်းဆောင် ဦးတင်ထွဋ်လင်းက ရှင်းပြသည်။

အောက်တိုဘာလ ၁၀ ရက် ညပိုင်းက ပုသိမ်မြို့တော်ခန်းမတွင် ကျင်းပသော ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့၊ ပုသိမ်မြို့၊ မဟာမြိုင် ကျောင်းတိုက်မှ ဘဒ္ဒန္တဣန္ဒောဘာသ အမှူးပြုသည့် ဘာသာကြီးလေးခုမှ ဘာသာရေး ခေါင်းဆောင်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ အပါအဝင် ၂၀ဝ ခန့် တက်ရောက်ခဲ့ကြောင်း တိုင်းဒေသကြီး NLD ပါတီ ထံမှ သိရသည်။ 

အသက် ၇၆ နှစ်ရှိပြီဖြစ်သော ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီက မွေးဖွားချိန်ကတည်းက အခုချိန်အထိ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး မရရှိသေးသဖြင့် စိတ်မကောင်း ဖြစ်မိကြောင်း၊  ငြိမ်းချမ်းရေးနှင့် တိုင်းပြည်အေးချမ်း သာယာဝပြောရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

R-11