POST TYPE

REGIONAL

မောင်းမကန်- မျှော်ရစ်ဘုရားလမ်းချဲ့ရန် မြေပေးရသူများ ညှိနှိုင်းမှုလက်ခံ
11-Oct-2017 tagged as ထားဝယ်


ထားဝယ်၊ အောက်တိုဘာ ၁၁

ထားဝယ်ခရိုင် မောင်းမကန်-မျှော်ရစ် ဘုရားသွားလမ်းအား ၃၄ ပေ အကျယ်ချဲ့ ပြုပြင်လျက်ရှိရာ လမ်း ဧရိယာနှင့် မလွတ်သော အိမ်ပိုင်ရှင်များနှင့် ညှိနှိုင်းပြေလည်မှု ရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူထံမှ သိရသည်။

ယင်းလမ်း၏ အချို့နေရာများတွင် ပေ ၂၀ ကျော်ခန့်သာ ကျယ်ဝန်းပြီး လမ်းချဲ့ရာတွင် အချို့အိမ်များ၏ ခြံစည်းရိုးများ၊ အုတ်တံတိုင်းများနှင့် အိမ်အမိုးစွန်းများ ပါဝင်သဖြင့် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ရပ်မိရပ်ဖတို့ဖြင့် ပူးပေါင်း ညှိနှိုင်းပြေလည်မှု ရယူခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများထံမှ သိရသည်။

“အိမ်တွေ ရှိတဲ့နေရာတွေကိုပေါ့ ဘယ်အတိုင်းအတာ ရှိတယ်ဆိုတာကို တိုင်းပေးခဲ့တာပေါ့၊ တိုင်းခဲ့တဲ့ နေရာတွေက လိုလိုလားလား ကျေကျေလည်လည်ပါပဲ၊ ပြဿနာ တစ်စုံတစ်ရာ မရှိပါဘူး”ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောသည်။

ယခုလမ်းမှာ ဘုရားသွားလမ်း ဖြစ်သည့်အပြင် ရပ်ရွာ အကျိုးရှိစေမည့်လမ်း ဖြစ်သည့်အတွက် လမ်းချဲ့ရန် လိုအပ်သည့် မြေနေရာကို ကြည်ဖြူစွာ ပေးလှူခဲ့ကြောင်း ယင်းလမ်းပေါ်ရှိ ကျောက်ဆင်ရွာမှ အိမ်ရှေ့ အမိုးစွန်း ဖျက်ပေးရမည့် ဦးသန်းထိုက်စိုးက ပြောသည်။

“ဘုရားလမ်းအတွက်လည်းဖြစ်တယ်၊ လမ်းကျယ်လာပြီး သွားလာသူတွေ အားလုံးအတွက် အဆင်ပြေသွားမယ်၊ ဒီလောက်ပေးရတာ ကုသိုလ်တောင်ရသေးတယ်”ဟု ဦးသန်းထိုက်စိုးက ပြောသည်။

မောင်းမကန်-မျှော်ရစ် လမ်းပိုင်း အရှည် ၉ မိုင်ခန့်ကို ပြုပြင်ရာတွင် လမ်းချဲ့ခြင်း၊ လမ်းပေါ်ရှိ တံတားများကို ပေ ၃၀ အထိချဲ့ခြင်း၊ ဒီရေတား နံရံများ တည်ဆောက်ခြင်း၊ ရေမြောင်းတူးခြင်း၊ လမ်းခင်းခြင်း စသည့်လုပ်ငန်းများ ပါဝင်မည်ဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းများ စတင်နေပြီဖြစ်သည်။

မျှော်ရစ်ဘုရားသည် ထားဝယ်ဒေသ၏ အထင်ကရ ဘုရားတစ်ဆူဖြစ်ပြီး ယခင်က လမ်းကျဉ်းသည့်အတွက် ခရီးသွား ရာသီများတွင် နှစ်စဉ် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်လေ့ရှိသည်။

Dawei Watch