POST TYPE

REGIONAL

ချောင်းသာကမ်းခြေ ဈေးသည် ၆ ဦးကို ဖမ်းဆီး
10-Oct-2017 tagged as ချောင်းသာ


ပုသိမ်၊ အောက်တိုဘာ ၁၀  

ဧရာဝတီတိုင်းဒေသကြီး ချောင်းသာ အပန်းဖြေကမ်းခြေတွင် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ထားသည့် စည်းကမ်းနှင့်အမိန့်ကို လိုက်နာခြင်းမရှိသဖြင့် ချောင်းသာကမ်းခြေတွင် ထီးများဖြင့် ရောင်းချသောဈေးသည် ၆ ဦးကို အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းက ဖမ်းဆီးအရေးယူခဲ့ကြောင်း ချောင်းသာကမ်းခြေ ဒေသအုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောကြားသည်။ 

အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စက်တင်ဘာ ၂၉ ရက်က ကမ်းခြေတွင် ဈေးတည်ရောင်းချခြင်း အပါအဝင် စည်းကမ်းချက် ၁၂ ချက်ပါသော ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ကြောင်း၊  အောက်တိုဘာလ ၁၀ ရက်တွင် ယင်းအမိန့်ကို မလိုက်နာသူများကို ဒေသန္တရ အမိန့်အရ ဖမ်းဆီး အရေးယူခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ 

“ဒေသန္တရအမိန့် မထုတ်ခင် စက်တင်ဘာ ၂၁ ရက်ကတည်းက ပညာပေးလုပ်ငန်းတွေ လုပ်ခဲ့ပါတယ်၊ ခုလည်း လူတွေကိုသာ ဥပဒေနဲ့အညီ အရေးယူမှာပါ၊ ရောင်းချနေတဲ့ ပစ္စည်းတွေကို သိမ်းဆည်းတာ ဖျက်ဆီးတာမျိုး မလုပ်ပါဘူး”ဟု ၎င်းက ပြောဆိုသည်။ 

ဒေသန္တရအမိန့် မလိုက်နာလို၍ မဟုတ်ဘဲ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက တိုင်းဒေသကြီး အစိုးရက အစည်းအဝေး ဆုံးဖြတ်ချက်အရ ဈေးရောင်းရန် နေရာ စီစဉ်ပေးမည်ဆို၍ စားဝတ်နေရေး အခက်အခဲများ ရှိနေသဖြင့် ကမ်းခြေတွင် ဈေးရောင်းခွင့် နေရာရနိုး စောင့်မျှော်နေရာမှာ ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အဖမ်းခံရသူ ဒေါ်ဖြူဝင်းက ပြောသည်။ 

ချောင်းသာကမ်းခြေ ဈေးသည် ၃၀ ကျော်ရှိသည့်အနက် ဖမ်းဆီးခံရသူ ကမ်းခြေဈေးသည် ၆ ဦးသာ စည်းကမ်းမလိုက်နာကြောင်း၊ ၎င်းတို့ကို ရဲစခန်းတွင် အာမခံ ပေးထားပြီး အောက်တိုဘာ ၁၁ ရက်နေ့တွင် ပုသိမ်မြို့နယ် တရားရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြု တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ချောင်းသာကမ်းခြေဒေသ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

R-12