News

POST TYPE

REGIONAL

သံလွင်မြစ်ကြောင်းသွား သင်္ဘောများကို စစ်ဆေးမည်

မော်လမြိုင်၊ အောက်တိုဘာ ၁၀

မွန်ပြည်နယ်အတွင်း မုတ္တမပင်လယ်ကွေ့နှင့် သံလွင်မြစ်ကြောင်းအတွင်း ခုတ်မောင်းသွားလာနေသော သင်္ဘောများကို စစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးထံမှ သိရသည်။

သံလွင်မြစ်ကြောင်းအတွင်း သွားလာနေသော သင်္ဘောများ အထူးသဖြင့် ရေနံတင်သင်္ဘောနှင့် ကျောက်မီးသွေးတင် သင်္ဘောများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှု အန္တရာယ် မဖြစ်ပေါ်အောင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

“သင်္ဘောတွေ အခု ကျောက်မီးသွေးတင်လိုက် ဘာတင်လိုက်နဲ့ သွားလာနေတာကို ကျွန်တော်တို့ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေ ရှိတယ်၊ ဒီလုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်နေကြလား၊ ဥပမာ ဆီတင်တဲ့သင်္ဘောဆိုရင် ဘယ်လိုဖြတ်နေလဲ၊ ဘယ်ကိုပို့နေလဲ၊ ဆီဘယ်လောက်ပါလဲ၊ ဆီယိုဖိတ်မှု မရှိအောင် ဘယ်လိုလုပ်ထားလဲ စသဖြင့် အဓိက သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင်ပေါ့”ဟု ဝန်ကြီးက ဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် သက်ဆိုင်ရာ ဆိပ်ကမ်းအာဏာပိုင်ထံ အကြောင်း ကြားထားပြီးဖြစ်ကြောင်း ၎င်းတို့ထံမှ ဝင်ထွက်လာနေသည့် သင်္ဘော အရေအတွက်၊ သွားလာနေသည့် အခြေအနေ၊ အချက်အလက်များ ရရှိပါက စစ်ဆေးမှုကို စတင်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဆိပ်ကမ်း အာဏာပိုင် အနေနှင့်လည်း စစ်ဆေးမှု ပြုလုပ်နိုင်ရန် သံလွင်မြစ်ကြောင်းသွား သင်္ဘောများ ပို့ဆောင်ရေးလုပ်ငန်းရှင်များထံ အောက်တိုဘာ ၉ ရက်နေ့က အကြောင်းကြားထားပြီးဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်နယ်ဆိပ်ကမ်း အရာရှိချုပ် ဦးဇေယျက ပြောသည်။

“ကျောက်မီးသွေးတင် သင်္ဘောတွေ၊ ဆီတင် သင်္ဘောတွေ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ဖြစ်မှာစိုးလို့ အဲ့သင်္ဘောတွေကို လုပ်ထုံးလုပ်နည်း ဥပဒေနဲ့အညီ စစ်ဆေးဖို့အတွက်ကို သင်္ဘောတွေကို အကြောင်း ကြားထားပြီးပြီ”ဟု ၎င်းက ပြောသည်။

ကွင်းဆင်း စစ်ဆေးမှုကို မွန်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီနှင့် ဆက်စပ်ဌာနများ ပါဝင်သော အဖွဲ့တို့ က ပြုလုပ်သွားမည်ဖြစ်သည်။

သံလွင်မြစ်ကြောင်းအတွင်း သွားလာနေသော သင်္ဘောများ အထူးသဖြင့် ရေနံတင်သင်္ဘောနှင့် ကျောက်မီးသွေးတင် သင်္ဘောများ အနေနှင့် မြစ်ကြောင်း အခြေအနေ ပြောင်းလဲမှုကြောင့် မတော်တဆ တိမ်းမှောက်၍လည်းကောင်း၊ မြစ်ကူးတံတားကြီး ၂ စင်းအောက် ဖြတ်သန်းသွားရာတွင် မတော်တဆဖြစ်၍လည်းကောင်း မမျှော်မှန်းနိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ညစ်ညမ်းမှု အန္တရာယ် ဖြစ်ပေါ်နိုင်သည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးက ပြောသည်။

သံလွင်မြစ်ကြောင်း အတွင်းတွင် တစ်နေ့လျှင် သင်္ဘောအစင်း ၂၀ ကျော် ဖြတ်သန်း သွားလာနေသည်ဟု ယင်းဝန်ကြီးဌာနထံမှ သိရသည်။

Dawei Watch