News

POST TYPE

REGIONAL

တိုင်ကြားခံရသော မူးယစ်ရဲအရာရှိကို အဖွဲ့ ဖြင့်စစ်ဆေး
ကျိုင်းတုံ၊ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့၌ တာဝန် ထမ်းဆောင်သည့် မူးယစ်အထူးအဖွဲ့မှ ရဲအုပ်တစ်ဦးကို ပြည်သူတစ်ဦးအပေါ် မချေမငံ ဆက်ဆံပြီး လုပ်ပိုင်ခွင့် အာဏာအလွဲသုံးသည်ဟု ဆိုကာ ရဲချုပ်အပါအဝင် ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနများထံ တိုင်ကြားခဲ့ရာ အောက်တိုဘာလ ၉ ရက်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြောင်း တိုင်ကြားခဲ့သူ ဦးအောင်အောင်နေဝင်းက ပြောကြားသည်။ 

မူးယစ် ရဲအရာရှိ ရဲအုပ်သန်းဇော်လင်းက စက်တင်ဘာလ ၁၉ ရက် ညပိုင်းက လွိုင်ကော်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော မှန်လုံ အမြန်ယာဉ်ကို ပင်လောင်းမြို့အထွက်တွင် စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးရာတွင် ယင်းရဲအုပ်မှာ ယူနီဖောင်း မဝတ်ထားဘဲ အရက်မူးနေပြီး မချေမငံ စစ်မေးသည့်အပြင် ဂုဏ်သိက္ခာ ထိခိုက်စေရန် ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် သေနတ် ဆွဲကိုင်ကာ လုပ်ပိုင်ခွင့် အာဏာကို အလွဲအသုံးပြုခဲ့သဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

တိုင်ကြားမှုနှင့် ပတ်သက်၍ လွိုင်ကော်မြို့၌ နေထိုင်သည့် တိုင်ကြားသူနှင့် မျက်မြင်သက်သေများကို ပထမဆုံး စစ်ဆေးမည်ဖြစ်ပြီး ထပ်မံ၍ ပင်လောင်းမြို့တွင် တာဝန်ထမ်းဆောင်နေသည့် တိုင်ကြားခံရသူကို သွားရောက် စစ်ဆေးမည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် စစ်ဆေးချက်များကို အောက်တိုဘာလ ၁၀ ရက်တွင် အထက်အကြီးအကဲများထံ တင်ပြမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ယာယီ ရဲမှူး အောင်စိုးကြိုင်က ပြောကြားသည်။ 

မော်တော်ယာဉ်ပေါ် လိုက်ပါလာသူများကို စစ်ဆေးမှုမှာ တာဝန်အရ မေးမြန်းခြင်းသာဖြစ်ပြီး အရက်သောက်စားခြင်း မရှိသည့်အပြင် သေနတ်ကို ဆွဲကိုင်အုပ်ထားသည်မှာ အခြားသူများ မလုယက်စေရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း တိုင်ကြားခံရသူ ရဲအုပ်သန်းဇော်လင်းက ပြောကြားသည်။  

R-16