POST TYPE

REGIONAL

ဧရာဝတီတိုင်း အစိုးရကို ကျုံပျော်ဒေသခံများ ထောက်ခံဆန္ဒပြ

ပုသိမ်၊ အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အင်းရဲကျေးရွာအုပ်စုရှိ အင်းရဲရွာနှင့် ရုံးပင်ရွာသို့ ဆက်သွယ်ထားသော ဆည်လေးချောင်း ချောင်းကူးတံတားသစ် တည်ဆောက်ရန် နေရာ သတ်မှတ်ပေးသည့် တိုင်းအစိုးရနှင့် ကျုံပျော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၏ ဆောင်ရွက်ချက်ကို ထောက်ခံသည့်အနေနှင့် အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းက ဒေသခံ ၈၀ဝ ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။ 

တံတားသစ်ဆောက်ရန် လိုအပ်နေခြင်း၊ သင့်တော်သည့်နေရာသစ်တွင် တည်ဆောက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆုံးဖြတ်ချက် ချပေးခြင်း၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်က ဆောင်ရွက် ပေးခြင်းနှင့် ဒေသခံများ၏ လူမှုစီးပွား တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်ပေးခြင်းအတွက် ထောက်ခံဆန္ဒပြရခြင်း ဖြစ်ကြောင်း ဦးဆောင်သူ ဦးတင်ဝင်းက ပြောကြားသည်။ 

“မူလက တံတားဟောင်းက ချောင်းရဲ့ အဖျားပိုင်းမှာ ရှိနေတယ်၊ နှစ်ကြာပြီဆိုတော့ ကုန်စည်ပို့တာ၊ လူတွေယာဉ်တွေ ဖြတ်သန်းဖို့ အန္တရာယ်ရှိတယ်၊ တံတားသစ်ဆောက်ဖို့ အရင် တံတားဟောင်းနဲ့ ပေ ၄၀ဝ အကွာမှာ ရှိတဲ့ နေရာကောင်းကို ရွေးပေးတဲ့အတွက် ထောက်ခံ ဆန္ဒ ထုတ်ဖော်တာပါ”ဟု ၎င်းက ရှင်းပြသည်။

ချောင်းကူးတံတားသစ် တည်ဆောက်ပြီးပါက ကျေးရွာအုပ်စု ၅၀ ခန့်မှာ ကျုံပျော်မြို့နှင့် အနီးပတ်ဝန်းကျင် နယ်မြေ ထိစပ်နေသော မြို့နယ်ဒေသများနှင့် ဒေသထွက် ကုန်စည်များ၊ ဒေသလိုအပ်ချက် ကုန်စည်များ သယ်ဆောင်ရန်နှင့် ဒေသခံပြည်သူ နှစ်သောင်းခန့်၏ ခရီးသွားလာရေးလည်း အဆင်ပြေမည်ဖြစ်ကြောင်း အင်းရဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးဇော်က သုံးသပ်သည်။

တံတားဟောင်းအနီး နေသူများက တံတားသစ် ပြောင်းရွှေ့ တည်ဆောက်မှုကို လက်မခံသဖြင့် စက်တင်ဘာလ ၅ ရက်က တံတားဟောင်းနေရာတွင် တည်ဆောင်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

R-12