POST TYPE

REGIONAL

စစ်ကိုင်း၌ ခရီးသွားများအတွက် အခမဲ့အိမ်သာများ တည်ဆောက်မည်
ကလေး၊ အောက်တိုဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဧည့်သည် လာရောက်မှုများသည့် ဟန်လင်းမြို့ဟောင်းနှင့် မင်းကွန်းဒေသတို့တွင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အဆင်ပြေစေရေးအတွက် သန့်ရှင်းသပ်ရပ်သည့် အခမဲ့အိမ်သာများကို တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။

ဟန်လင်းတွင် အိမ်သာရှစ်လုံး၊ မင်းကွန်းတွင် အိမ်သာ ၁၄ လုံးကို ယခုနှစ်အတွင်း တည်ဆောက်ရန်လျာထားပြီး စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ယင်းမာပင်၊ ကလေး၊ တမူး၊ ကသာ၊ အင်းတော်နှင့် ကောလင်း စသည့်မြို့နယ်များသို့ ဆက်သွယ်သွားလာသည့် ကားလမ်း ဘေးဝဲယာတစ်လျှောက်ရှိ စက်သုံးဆီဆိုင်များတွင်လည်း ဘိုထိုင် အိမ်သာများ ဆောက်၍ အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း၊ အသုံးပြုနိုင်သည့် ဆီဆိုင်များရှေ့တွင်လည်း အသိပေး ဆိုင်းဘုတ်များ စိုက်ထူမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ခရီးသွားတဲ့အခါမှာ သန့်စင်ခန်းဆိုတာက မရှိမဖြစ် လိုအပ်တယ်။ ခရီး သွားတဲ့နေရာမှာ အလွန် အင်မတန်လို အပ်တဲ့အရာတွေကို သန့်သန့်ရှင်းရှင်းနဲ့ ကျကျနန လုပ်ပေးထားမယ်ဆိုရင် ခရီးသွားပြည်သူတွေ စိတ်ချမ်းချမ်းသာသာနဲ့ သွားနိုင်လိမ့်မယ်”ဟု ဝန်ကြီးက ဆိုသည်။ 

စစ်ကိုင်းတိုင်းအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေရန် အဓိက အကျိုးပြုကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မင်းကွန်း၊ ဟန်လင်းနှင့် အလောင်းတော် ကဿပ အစရှိသည့် နေရာများကို ခရီးသွားဧည့်သည် အများဆုံး ဝင်ရောက်လျက် ရှိသည်။ 

R-20