News

POST TYPE

REGIONAL

မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် အမြန်လမ်းတွင် တိမ်းမှောက်၊ တစ်ဦးသေ၊ ၃၅ ဦး ဒဏ်ရာရ
10-Oct-2017


တောင်ငူ၊ အောက်တိုဘာ ၉

ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၁၅၅ အနီးတွင် အောက်တိုဘာလ ၉ ရက် နံနက် ၃ နာရီခွဲခန့်က မြဝတီ-မန္တလေး ပြေးဆွဲနေသည့် မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာ တစ်ဦး သေဆုံးပြီး ၃၅ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“ကားက လမ်းပေါ်မှာ တစောင်း တိမ်းမှောက်နေတာ၊ အခင်းဖြစ်တဲ့နေရာမှာ အမျိုးသမီးတစ်ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူတွေကို ရေတာရှည်နဲ့ တောင်ငူ ဆေးရုံတွေကို ပို့ပေးထားတယ်၊ တချို့လည်း နေပြည်တော်ဆေးရုံ လွှဲပြောင်း ကုသနေရတယ်”ဟု အခင်းဖြစ်နေရာသို့ သွားရောက်ကူညီခဲ့သော ရေတာရှည်မြို့မ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ်ကို  ဦးဝေလင်းသူ (၃၂ နှစ်)က မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်း အပါအဝင် အမျိုးသမီး၊ အမျိုးသား စုစုပေါင် ၄၃ ဦးလိုက်ပါလာကြောင်း၊ အဆိုပါယာဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းလာစဉ် လမ်းခုလတ်တွင် အရှိန်လွန်ကာ လမ်းလယ်ကျွန်းကို တိုက်မိခဲ့ပြီး လမ်းတစ်ဖက်ကို ကျော်တက်ကာ တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ယာဉ်တိမ်းမှောက်မှုကြောင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၁ လသားအရွယ်မှ အသက် ၆၃ နှစ်အရွယ်ကြား ခရီးသည် ၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယာဉ်မတော်တဆမှုကြောင့် ခရီးသည်တင် ယာဉ်မောင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ၃၃၇၊ ၃၃၈ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သာဂရ အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

၂၀၁၃ ခုနှစ် မေလ ၂၅ ရက်က အမြန်လမ်း မိုင်တိုင် ၁၂၅/၃ နှင့် ၁၂၅/၄ အနီး ကိုးကွေ့တံတား ချဉ်းကပ်လမ်းတွင် ရန်ကုန်မှ မန္တလေးမြို့သို့ ထွက်ခွာလာသော မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ်မှာ တံတားလက်ရန်းကို ကျော်လွန်ကာ ယာဉ်ထက်ပိုင်းကျိုးပြီး ပက်လက်လန် တိမ်းမှောက်ခဲ့ရာမှ သံဃာတစ်ပါး အပါအဝင် ခရီးသည် ၁၁ ဦး သေဆုံးခဲ့သည်။ 

R-15

  • VIA