News

POST TYPE

REGIONAL

ပဲခူးတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရေး ဆန္ဒပြမည်
09-Oct-2017

တောင်ငူ၊ အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ဦးဆောင်သော အစိုးရအဖွဲ့ တာဝန်ယူသော ၂နှစ်နီးပါး ကာလအတွင်း ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိဟုဆိုကာ ဝန်ကြီးချုပ် နုတ်ထွက်ပေးရေးကို ပဲခူး ဒေသခံ နိုင်ငံရေး တက်ြွကလှုပ်ရှားသူ အချို့က  အောက်တိုဘာလ ၁၀ရက်တွင် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ဦးဆောင် သူ အချို့ထံမှ သိရသည်။ 

“ပြည်သူက ပြောင်းလဲမှု လိုချင်လို့ မဲထည့်ခဲ့ကြတာ၊ ခုဟာက ၂ နှစ်နီးပါးရှိပြီး ဘာတစ်ခုမှ အလုပ်မဖြစ်ဘူး၊ လုပ်နေကိုင်နေတဲ့ ကိစ္စတွေကလည်း တစ်ခုမှ အဆုံးမသတ်နိုင်ဘူး၊ ဒါကြောင့် အများသိအောင် ဆန္ဒဖော်ထုတ်ကြမှာ ဖြစ်ပါတယ်”ဟု ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MDCF) ပဲခူးမြို့နယ် တာဝန်ခံ ဦးလင်းနိုင်က ပြောကြားသည်။

ဆန္ဒဖော်ထုတ်ရန် ပဲခူးမြို့နယ် တာဝန်ရှိသူများထံ အကြောင်းကြားစာ ပေးပို့ထားပြီး အောက်တိုဘာလ ၁၀ ရက် နံနက် ၁၀ နာရီမှစတင်ကာ ပဲခူးမြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အယောက် ၅၀ ခန့်က ပဲခူးမြို့နယ် မဇင်လမ်းထိပ်မှ သနပ်ပင်လမ်းအတိုင်း စီတန်းလှည့်လည်ပြီး ရွှေမော်ဓော ဘုရားလမ်းအတိုင်း ပြန်လှည့်ကာ တိုင်းအစိုးရရုံးရှေ့အထိ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း  ဦးဆောင်သူများထံမှ သိရသည်။ 

ဆန္ဒထုတ်ဖော်ရာတွင် အများ ပြည်သူကို တာဝန်ခံမှု တာဝန်ယူမှု မရှိသည့်အပြင် ပြည်သူ့မျက်နှာကို လှည့်မကြည့်သည့်အတွက် နုတ်ထွက်ပေးရန်၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ပေးကြရန်နှင့် မတရားသိမ်းဆည်းထားသော မြေယာများကို ပြန်လည်ရရှိရေးစသည့် ကြွေးကြော်သံများ ဗီနိုင်းပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း ၎င်းတို့ထံ မှ သိရသည်။ 

“တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတချို့ အလုပ် မလုပ်ကြဘူး၊ အပြောင်းအလဲကို ဖော်ဆောင်နိုင်ခြင်း မရှိဘူး။ ဒီတော့ သူတို့အနေနဲ့ ဂုဏ်သိက္ခာရှိရှိ နုတ်ထွက်ပေးကြဖို့ တောင်းဆို ဆန္ဒဖော်ထုတ်မှာ ဖြစ်ပါတယ်”ဟု မြေယာအရေး ကူညီဆောင်ရွက်ပေးသည့် ဦးထွန်းအောင်ကျော်က ပြောကြားသည်။   

အဆိုပါ ဆန္ဒဖော်ထုတ်မည့် ကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာလ ၈ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။   

R-15

  • VIA