News

POST TYPE

REGIONAL

နှစ်ကျိပ်ရှစ်ဆူဘုရားများ ပင့်ဆောင်၊ ပို့ဆောင်ချိန် ယဉ်ကျေးမှုနှင့်အညီသာ ဆို/ကကြရန် ဘုရားကြီးဂေါပကဆို
08-Oct-2017 tagged as ထားဝယ်


ထားဝယ်၊ အောက်တိုဘာ ၈

ထားဝယ်မြို့၌ လာမည့်တန်ဆောင်မုန်းလတွင် ကျင်းပပြုလုပ်မည့် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတွင် ရပ်ကွက်/ကျေးရွာများမှ ဘုရားများ လှည့်လည်ပင့်ဆောင်၊ ပို့ဆောင်ချိန်များတွင် ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီသည့် အဆိုအကများကိုသာ ထည့်သွင်း ဖျော်ဖြေရန် မေတ္တာရပ်ခံထားကြောင်း ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။

ဘုရားလှည့်သည့်ပွဲတော်မှာ ဘာသာရေးပွဲ ဖြစ်သည့်အတွက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် လျော်ညီမှု မရှိသည့် ခေတ်ပေါ် သီချင်းဖွင့်ခြင်း၊ ကခုန်ခြင်း ဖျော်ဖြေခြင်းများ မရှိစေရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများကို မေတ္တာရပ်ခံထားခြင်းဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကြည်က ဆိုသည်။

“ဂေါပကအဖွဲ့က မေတ္တာရပ်ခံလို့ပဲ ရတာလေ၊ မြို့ထဲ ဘုရားလှည့်ချိန်မှာလည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ဟာတွေပဲ ထည့်သွင်းသွားမယ်”ဟု ဦးထွန်းကြည်က ပြောသည်။

ယမန်နှစ်က နှစ်ကျိပ်ရှစ်ဆူဘုရားများ ဘုရားကြီးဝင်းအတွင်း ပို့ဆောင်ရာတွင် ယဉ်ကျေးမှုနှင့် ဆီလျော်မှုမရှိသည့် ခေတ်ပေါ် သီချင်းများ ဖွင့်ခြင်း၊ ကခုန်ခြင်းများကြောင့် ဝေဖန်မှုများ ရှိခဲ့သည်။

ထားဝယ်ဒေသ၏ ဘုရားလှည့်လည် ပူဇော်ပွဲတွင် မြူးကြွသည့် ခေတ်ပေါ်သီချင်းများဖွင့်ကာ ကပြဖျော်ဖြေနေခြင်းမှာ မဖြစ်သင့်ဘဲ ထားဝယ် သီချင်းများကိုသာ ထည့်သွင်း ဖျော်ဖြေသင့်ကြောင်း ထားဝယ်မြို့ ဝဲကျွန်းထိန်ဟောင်းရပ်ကွက်နေ ကိုအောင်သူက ဆိုသည်။

“အခြားဒေသက ဧည့်သည်တွေ မြင်ရင် ဒေသပုံရိပ်လည်း ထိခိုက်လာနိုင်တယ်၊ သူတို့ဆီမှာ ဒီလိုလားဆိုပြီး”ဟု ကိုအောင်သူက ပြောသည်။

ယခုနှစ်တွင် ရပ်ကွက်၊ ကျေးရွာများမှ ပင့်ဆောင်ထားသည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားများကို ဘုရားကြီးဝင်းအတွင်း ပြန်လည် ပို့ဆောင်ရာတွင် ယခင်က တန်ဆောင်မုန်းလဆန်း ၁၁ ရက်နေ့ ည နောက်ဆုံးထား သတ်မှတ်ခဲ့ပြီး လာမည့်ပွဲတော်တွင် ဘုရားဖူး ဧည့်သည်များ ဘုရားဖူးသည့်အချိန် ပိုမိုရရှိစေရန် တန်ဆောင်မုန်းလဆန်း ၁၀ ရက်နေ့ကို နောက်ဆုံးထားပို့ဆောင်ရန် ပြောင်းလဲ သတ်မှတ်ထားကြောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကြည်က ဆိုသည်။

တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကို ယခုနှစ်တွင် ၁၀၈ ကြိမ်မြောက် ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲတော်သည် ထားဝယ်ဒေသမှ ဘုရားဖူး ဧည့်သည်များ သာမက မြန်မာနိုင်ငံ အရပ်ရပ်မှ လာရောက်သည့် ဘုရားဖူးများဖြင့် အထူး စည်ကားသည့် ပွဲတော်ဖြစ်သည်။

Dawei Watch