News

POST TYPE

REGIONAL

တောင်ငူမြို့ ကျုံးဧရိယာအတွင်း မော်တော်ယာဉ်များ ဝင်ထွက်ခွင့် ကန့်သတ်
08-Oct-2017 tagged as တောင်ငူ


တောင်ငူ၊ အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကျုံးဧရိယာအတွင်း ခရီးသည်တင် ယာဉ်နှင့် ကုန်တင်ယာဉ်များကို အောက်တိုဘာလ အစပိုင်းက ဝင်ထွက်ခွင့် ကန့်သတ်လိုက်ကြောင်း တောင်ငူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမခက ပြောကြားသည်။ 

မြို့တွင်း လမ်းမကြီးများပေါ်တွင် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်ကြီးများမှ စည်းကမ်းမဲ့ ကုန်တင်ကုန်ချခြင်းနှင့် လူအတင်အချမှုများကြောင့် ယာဉ်ကြော ပိတ်ဆို့နေသဖြင့် ကာကွယ်ရန်အတွက် ကန့်သတ်ရခြင်းဖြစ်ကြောင်း၊ သုံးတန်အထက် ကုန်တင်ယာဉ်များကို မြို့တွင်း ကျုံးဧရိယာအတွင်း ဝင်ထွက်ခွင့် ပိတ်သိမ်းထားပြီး ခရီးသည်ယာဉ်များနှင့် မှန်လုံ မီနီဘတ်စ်များကို နံနက် ၆ နာရီမှ ည ၆ နာရီအထိ ဝင်ထွက်ခွင့် ပိတ်ထားကြောင်း တောင်ငူမြို့နယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ စုံစမ်း သိရှိရသည်။

လတ်တလောတွင် အုပ်ချုပ်ရေးအဖွဲ့၊ စည်ပင်သာယာရေး၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့တို့နှင့် ညှိနှိုင်းကာ ပညာပေးကာလ တစ်လ သတ်မှတ်ပြီး နိုဝင်ဘာလ ၁ ရက်မှစတင်ကာ ဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။ 

တောင်ငူမြို့ အမှတ် ၁၆ ရပ်ကွက် မြို့မဈေးကြီး အနီးတစ်ဝိုက် လမ်းမများပေါ်တွင် ၃ တန်အထက် ကုန်တင်ယာဉ်များကို ဝင်ရောက်ခွင့် ပိတ်ပင်ထားသော်လည်း စည်းကမ်းပျက် ကုန်တင်ယာဉ်များနှင့် ဆိုင်ရှေ့ ပလက်ဖောင်းပေါ်တွင် ဈေးခင်း ရောင်းချသူများကြောင့် နေ့စဉ် ယာဉ်ကြော ပိတ်ဆို့သည်မှာ လေးနှစ်နီးပါး ရှိကြောင်း မြို့ခံများက ပြောကြားသည်။ 

ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားတတ်သော နေရာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးမှုများ ပြုလုပ်ရုံသာမက ယာဉ်ကြောရှင်းမှုများကို ပူးတွဲ ဆောင်ရွက်နေကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

R-15