News

POST TYPE

REGIONAL

နာဂလူမျိုးနွယ်စုအားလုံး ကိုယ်စားပြုသည့် ကုဒ်အသစ် ထည့်သွင်းနိုင်ရေး ဆွေးနွေး
07-Oct-2017 tagged as

ကလေး၊ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်အတွင်းရှိ နာဂရိုးရာဗဟိုရုံးတွင် နာဂလူမျိုးနွယ်စု အားလုံးကို ကိုယ်စားပြုသည့် ကုဒ်အသစ် သန်းခေါင်စာရင်းတွင် ထည့်သွင်းနိုင်ရေး နာဂအမျိုးသားရေးရာကောင်စီနှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့တို့ အောက်တိုဘာလ ၅ ရက်မှ ၆ ရက်အထိ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြကြောင်း နာဂအမျိုးသားရေးရာကောင်စီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးရှုမောင်က ပြောကြားသည်။

နာဂလူမျိုးနွယ်စု အားလုံးကို လွှမ်းခြုံသည့် နာဂအမည်နှင့် နာဂလူမျိုးနွယ်စု အတွင်းရှိ မျိုးနွယ်စုသုံးစု ဖြစ်သည့် အာနန် (Anun)၊ မယွန် (Mayon)၊ တန်ကွန် (TangKhul) အမည်များကို ချင်းလူမျိုးနွယ်စုအောက်တွင် ထည့်သွင်းထားသည်ကို ဖယ်ရှားပေးရန်နှင့် လူမျိုးစု သန်းခေါင်စာရင်း ထုတ်ပြန်ချိန်တွင် နာဂလူမျိုးနွယ်စု အားလုံးကို လွှမ်းခြုံသည့် နာဂအမည်၊ ကုဒ်တစ်ခု သီးသန့်ထည့်သွင်းရေး ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုကို အစိုးရအဖွဲ့မှာ ချင်းနဲ့ အတူတူပဲဆိုတဲ့ ရောထွေးပုံစံနဲ့ ရပ်တည်လို့ မရတဲ့ အခြေအနေမျိုး ဖြစ်တယ်။ ဥပမာ- ချင်းပါလီမန်မှာ သွားတက်ပြီး နာဂအရေးကို ပြောစရာလည်း တစ်ခုမှ မရှိပါဘူး။ တိုင်းရင်းသားတွေရဲ့ တည်ရှိမှုကို အသိအမှတ်ပြုတယ်ဆိုရင် သူရဲ့ အရှိတရားကို သေချာလေးလေ့လာပြီး အစိုးရအနေနဲ့ တိတိကျကျ စာရင်းဖော်ပြပေးမယ်ဆိုရင် တိုင်းရင်းသားရင်သားစေ့ရေးရဲ့ အစိတ်အပိုင်းတစ်ခုလို့ ယူဆတဲ့အတွက် ဒါကို မှန်မှန်ကန်ကန် လေ့လာပြီး မှန်မှန်ကန်ကန်စိစစ် မှန်မှန်ကန်ကန် ဖော်ပြပေးစေချင်ပါတယ်” ဟု ဦးရှုမောင်က ပြောကြားသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၅ ခုနှစ် မေလအတွင်းက ထုတ်ပြန်ခဲ့ပြီး အဆိုပါ စာရင်းတွင် လူမျိုးနွယ်စုစာရင်းနှင့် အခြား (၉၁၄) စာရင်းကို ချန်လှပ်ထားခဲ့သည်ဟု ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ထုတ်ပြန်ထားခဲ့သည်။

ထုတ်ပြန်ရန် ကျန်ရှိနေသည့် လူမျိုးနွယ်စုစာရင်းကို ထုတ်ပြန်နိုင်ရန် တိုင်းရင်းသားခေါင်းဆောင်များ၊ ယဉ်ကျေးမှုပညာရှင်များ၊ လွှတ်တော်မှ တိုင်းရင်းသားရေးရာကော်မတီများ ပေါင်းစုံစည်းဝေးပြီး အားလုံးသဘောတူ လက်ခံနိုင်သည်အထိ ဆွေးနွေးပြီးမှသာ လူမျိုးနွယ်စု သန်းခေါင်စာရင်းကို ထုတ်ပြန်မည် ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ သိရှိရသည်။

ချင်းလူမျိုးနွယ်စု စာရင်းထဲတွင် နာဂလူမျိုးနွယ်စု စာရင်းများကို မှားယွင်းထည့်သွင်းဖော်ပြထားကြောင်း ချင်းသန်ခေါင်စာရင်း ကောက်ယူရေးကော်မတီ၏ ထုတ်ပြန်ချက်ထဲတွင်လည်း ထည့်သွင်းထုတ်ပြန်ထားသည်။

(ပုံစာ - ခန္တီးမြို့ နာဂရိုးရာဗဟိုရုံးတွင် နာဂအမျိုးသားရေးရာကောင်စီနှင့် UNFPA အဖွဲ့ တွေ့ဆုံကြသည်ကို မြင်ရစဉ်။)

Photo-Nok Tun
R-20


  • TAGS