News

POST TYPE

REGIONAL

ပခုက္ကူမြို့နယ်အတွင်းရှိ ကျောက်ခွက်- လက်ပံတို-အရာတော် ရေနံပိုက်လိုင်းပေါက်
28-Aug-2016
ပခုက္ကူ၊ သြဂုတ် ၂၈

ပခုက္ကူမြို့နယ် ကံမမြို့နယ်ခွဲအတွင်းရှိ လက်ပြကျေးရွာကို ဖြတ်သန်းသွားသည့် ကျောက်ခွက်-လက်ပံတို-အရာတော် ရေနံပိုက်လိုင်းသည် ယနေ့(သြဂုတ် ၂၈ ရက်) နံနက် ၈ နာရီခန့်က လူနေအိမ်ဝင်းတစ်ခုအတွင်း ပေါက်ကွဲခဲ့ကြောင်း အိမ်ရှင် ဦးမျိုးဝင်းက ပြောကြားသည်။

“လေးနေရာပေါက်သွားတာ။ လွန်ခဲ့တဲ့နှစ်လလောက်က ရေနံတွေယိုနေလို့ စက်ရုံတာဝန်ရှိသူတွေကို အကြောင်းကြားတော့ လာစစ်တယ်။ သူတို့က ကိစ္စမရှိဘူးပြောပြီး အခုထပ်ဖြစ်တာ။ မနက် ၈ နာရီလောက် ကတည်းက ဓာတ်ငွေ့တွေပျံ့လာလို့အကြောင်းကြားမှ ထပ်လာတာ” ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ လာရောက်စစ်ဆေးသည့် သာကြည့်တောင်ရေနံမြေ အထွေထွေမန်နေဂျာ ဗိုလ်မှူးသန်းလှိုင်က ဖြေကြားနိုင်ခြင်းမရှိကြောင်း ပြောကြားသည်။

“ဘာမှမဖြစ်ဘူး မဖြေနိုင်ဘူး။ သတင်းအနေနဲ့ဖော်ပြစရာအကြောင်းလည်းမရှိဘူး” ဟု ၎င်းကဆိုသည်။

၂ဝ၁ဝ ပြည့်နှစ်အတွင်းကလည်း မြစ်ခြေတိုက်နယ်ကို ဖြတ်သန်းသွားသည့် ကျောက်ခွက်-လက်ပံတို-အရာတော် ရေနံပိုက်လိုင်းသည် ညောင်လှကျေးရွာအတွင်း ရေနံယိုစိမ့်မှုများဖြစ်ပေါ်ခဲ့သောကြောင့် လူ ၄ဝဝ ကျော် သေဆုံးခဲ့ရဖူးသည်။



  • VIA