News

POST TYPE

REGIONAL

မန္တလေးခရိုင် သာသနာရေးဦးစီးမှူးကို ဒုတိယအကြိမ် စစ်ဆေး
20-Sep-2017

မန္တလေး၊ စက်တင်ဘာ ၂၀

အစိုးရကိုဆန့်ကျင်သည့် သပိတ်စခန်းဖွင့်မှုနှင့်ပတ်သက်၍ သံဃာတော်များနှင့် လူအချို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားသော ခရိုင်သာသနာရေး ဦးစီးမှူး ဦးတင်မောင်အေးကို ချမ်းမြသာစည် မြို့နယ်တရားရုံးက စက်တင်ဘာလ ၂၀ ရက်နေ့က ဒုတိယအကြိမ် ထပ်မံ စစ်ဆေးခဲ့သည်။

“ဒီနေ့တော့ သံဃာတော်တွေကို စွဲထားတဲ့အမှုက တရားလိုဖြစ်တဲ့ မန္တလေး ခရိုင်သာသနာရေး ဦးစီးမှူးကိုပဲ ထပ်စစ်ပါတယ်။ အရင် တစ်ပတ်ကတင်ထားတဲ့ ဗီဒီယိုဖိုင်တွေက မူလတင်ထားတဲ့ အချက်အလက်တွေနဲ့ ကွဲလွဲနေတဲ့အတွက် ပြန်တင်ပြပေးဖို့ စွပ်စွဲခံရသူတွေရဲ့ ရှေ့နေက တောင်းဆိုလို့ ပြန်တင်ခိုင်းထားပါတယ်။ လာမယ့်ရုံးချိန်းမှာလည်း တရားလိုကိုပဲ ထပ်စစ်ဖို့ပါမယ်”ဟု ချမ်းမြသာစည် မြို့နယ်တရားရုံး သတင်းနှင့် ပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောကြားသည်။

နိုင်ငံတော်အစိုးရသည် ဗုဒ္ဓဘာသာ ရဟန်းတော်များကို ဖိနှိပ်ပြီး ဘာသာခြားများကို မြှောက်စားသည်ဟုဆိုကာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသူများ အမည်ခံသည့် ရဟန်းသံဃာတော် အချို့နှင့် လူပုဂ္ဂိုလ် အနည်းငယ်တို့က ချမ်းမြသာစည်မြို့နယ်ရှိ သာသနာတော် ၂၅၀ဝ ဗိမာန်တော်တွင် အစိုးရကို ဆန့်ကျင်သည့် သပိတ်စခန်း ဖွင့်လှစ်ခဲ့ခြင်းကြောင့် မန္တလေးခရိုင် သာသနာရေး ဦးစီးမှူး ဦးတင်မောင်အေးက တရားစွဲဆိုထားသည့်အမှုဖြစ်သည်။

ယင်းသို့ သပိတ်စခန်းဖွင့်ခြင်းနှင့် ပတ်သက်၍ မန္တလေးတိုင်း အစိုးရအဖွဲ့နှင့် သံဃာနာယကအဖွဲ့တို့က သပိတ်စခန်း ဖွင့်ထားသည့် နေရာသည် သာသနိက အဆောက်အအုံအတွင်း ဖြစ်နေခြင်း၊ သံဃာတော်များ အနေနှင့် သပိတ်စခန်းဖွင့်ခြင်းသည် ဝိနည်းတော်နှင့် မညီခြင်းတို့ကြောင့် သပိတ်စခန်း ပိတ်သိမ်းပေးရန် တောင်းဆိုခဲ့သော်လည်း ပိတ်သိမ်းပေးခဲ့ခြင်း မရှိသည့်အတွက်  သံဃာတော် ၈ ပါးနှင့် လူပုဂ္ဂိုလ် ၄ ဦးတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်းလည်း ယင်းတရားရုံးထံမှ သိရသည်။

ယင်းအမှုကို ထပ်မံစစ်ဆေးရန် ချမ်းမြသာစည်မြို့နယ်တရားရုံးက စက်တင်ဘာလ ၂၈ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

M-04


  • VIA