News

POST TYPE

REGIONAL

ငလျင်ဒဏ်သင့် ပုဂံ အဆောက်အအုံများ စာရင်းကောက်ပြီးမှသာ UNESCO ငွေကြေး ကူညီမှု ဆွေးနွေးနိုင်မည်
26-Aug-2016
ရန်ကုန်၊ သြဂုတ် ၂၆

အင်အားပြင်း ငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံး သွားသော ပုဂံဘုရားများကို အသေးစိတ် စာရင်း ကောက်ယူမှုများ ပြုလုပ်လျက်ရှိရာ စာရင်း ကောက်ယူပြီးမှသာ ငွေကြေးပိုင်း ကူညီမှုကို ဆက်လက်  ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ပြောကြားသည်။

“အဓိက ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖို့ ကြိုးပမ်းနေဆဲ ကာလမှာ ဖြစ်တာဆိုတော့ ပုဂံကို  ဦးစားပေးပြီး လုပ်ပေးသွားမယ်။  မြောက်ဦးကိုလည်း သွားမှာပါ။ ပုဂံမှာ စာရင်း ကောက်တာ ဒီညနေ (သြဂုတ်လ ၂၆ ရက်) အထိ ဘုရား ၃၉ဝ အထိ ရပြီ။ နောက်တစ်ပတ်လောက်အထိ ကောက်ယူရမယ်”ဟု ဒေါ်ဥမ္မာမျိုးက ဆိုသည်။

UNESCO အဖွဲ့ အနေနှင့် ငွေကြေးပိုင်း သာမက ပြုပြင်မှု အပိုင်းတွင်လည်း ကမ္ဘာ့ စံတန်ဖိုး သတ်မှတ်ချက်နှင့်အညီ ပြုပြင်နိုင်ရန် လိုအပ်သည့် နည်းပညာနှင့် ပညာရှင်များကို ပြည်ပမှ ခေါ်ယူ၍ ပြည်တွင်း ပညာရှင်များနှင့် ပူးပေါင်းပြီး ကူညီသွားမည် ဖြစ်ကြောင်း UNESCO ရုံးထံမှ သိရသည်။

ငလျင်ကြောင့် ထိခိုက် ပျက်စီးခဲ့သော  ရှေးဟောင်း အဆောက်အအုံများကို စက် ကိရိယာကြီးများ အသုံးပြု၍ ဖြိုချမှု မပြုလုပ်ရန်နှင့် ရှေးဟောင်း အမွေအနှစ်များ  ထပ်မံ ဆုံးရှုံးမှု မဖြစ်စေရန်အတွက် အဖိုးတန် ပစ္စည်းများ၊ ပစ္စည်း အပိုင်းအစများကို ခိုးယူမှု မရှိစေရန် အဆိုပါ ထိခိုက်မှု ဧရိယာအတွင်း လုံခြုံရေးအဖွဲ့ဖြင့် တင်းကျပ်စွာ စောင့်ရှောက်ရန် လိုအပ်ကြောင်း UNESCO အဖွဲ့က အကြံပြု ထုတ်ပြန်ထားသည်။

“UNESCO အဖွဲ့ကတော့ ထိန်းချုပ်ခွင့် မရှိဘူး။ ဘာမလုပ်သင့်ဘူး ဆိုတာမျိုးပဲ  အကြံပေးလို့ ရတယ်။ ဌာနက ညွှန်ကြားချက်တွေကို လေးစား လိုက်နာဖို့ လိုတယ်။ အသင်းအဖွဲ့တွေရဲ့ စေတနာကို နားလည်ပါတယ်။ ကမ္ဘာ့ အမွေအနှစ် တင်သွင်းမယ်ဆိုရင် ဆိုက်ကြီး တစ်ခုလုံးကို ထိန်းသိမ်းရာမှာတော့ ကမ္ဘာ့ စံတန်ဖိုး သတ်မှတ်ချက်တွေကနေ သွေဖည်လို့ မရဘူး”ဟု ဒေါ်ဥမ္မာမျိုးက ဆိုသည်။

သြဂုတ် ၂၄ ရက်နေ့ ညနေက ရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်ခဲ့သည့်အတွက် ပုဂံ၊ စလေ၊ မြောက်ဦးနှင့် စစ်ကိုင်းဒေသတို့ရှိ သာသနိက အဆောက်အအုံများ၊ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ ထိခိုက် ပျက်စီးခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ကနဦး ထုတ်ပြန်ချက်အရ ပုဂံဒေသတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်း အဆောက်အအုံပေါင်း ၁၈၇ ဆူရှိကြောင်း ဖော်ပြထားပြီး UNESCO အဖွဲ့၏ စာရင်း ကောက်ယူမှုတွင် သြဂုတ်လ ၂၆ ရက်နေ့ အထိ ၃၉ဝ အထိ ရှိကြောင်း သိရသည်။

“အခု စာရင်း ကောက်ယူမှုကို လုပ်နေတယ်။ ရန်ကုန်၊ မန္တလေးနဲ့ ပုဂံဒေသက  ရှေး/သု ပညာရှင်တွေ၊ ဗိသုကာ ပညာရှင်တွေနဲ့  စာရင်း ကောက်ယူမှုတွေ လုပ်နေတယ်။ လုံခြုံရေးအရ ဘုရား ၃၃ ဆူကို တက်ရောက်ခွင့် ပိတ်ထားတယ်၊ စာရင်း ကောက်ယူပြီးမှ  ဘယ်လို ပြုပြင် ထိန်းသိမ်းမယ်ဆိုတာ ဆက်ဆွေးနွေးမယ်”ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး ဌာနခွဲ (ယဉ်ကျေးမှု) ဒုတိယ ညွှန်ကြားရေးမှူး ဦးအာကာကျော်က ပြောကြားသည်။


  • VIA