News

POST TYPE

REGIONAL

သရေခေတ္တရာ ယဉ်ကျေးမှုဇုန်ရှိ ကျူးကျော်များကို ကျေးရွာသစ် ထူထောင်ပေးမည်
30-Aug-2017

ရန်ကုန်၊ ဩဂုတ် ၂၉

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ ယဉ်ကျေးမှုဇုန်အတွင်း ကျူးကျော်နေထိုင်သော အိမ်ခြေ ၁၈၀ ခန့်ကို ပြောင်းရွှေ့၍ ကျေးရွာသစ် ထူထောင်ပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။

ကျူးကျော်နေထိုင်သူများသည့် ကမ္ဘာ့အမွေအနှစ် စာရင်းမဝင်မီ ၂၀ဝ၅ ခုနှစ်က ဝင်ရောက်နေထိုင်ခဲ့သော်လည်း ယူနက်စကိုက ချမှတ်ထားသည့်စံနှုန်းဖြင့် မညီညွှတ်သောကြောင့် ကျူးကျော်အိမ်ခြေများကို မြေနေရာ အစားထိုး၍ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်မှ ပထဝီဆိုင်ရာ သတင်းအချက်စုဆောင်းရေး (GIS)ပညာရှင်၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။

“ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ်က ပယ်ဖျက်ခံရတာမျိုး မဖြစ်ဖို့ အရေးကြီးလို့ အခုလို စီစဉ်ရတာပါ။ အမွေအနှစ် ဒေသတစ်ခုဟာ တန်ဖိုးလျော့ကျသွားရင် နိုင်ငံသားရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားတာနဲ့ အတူတူပါပဲ။ ကျူးကျော်နေထိုင်သူတွေကို ကျေးရွာတစ်ခု ထူထောင်ပေးမယ်။ စီးပွားရေး၊ လူမှုရေးကအစ ရှေး/သုနဲ့ ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက ဝိုင်းဝန်းကူညီပေးမယ်”ဟု ၎င်းက ဆိုသည်။

သရေခေတ္တရာ ယဉ်ကျေးမှုဇုန် ဧရိယာအတွင်း ကျူးကျော်နေထိုင်သော အိမ်ခြေများထဲမှ အိမ်ထောင်စုအချို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေအရ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းကျူးကျော်အိမ်ထောင်စုများ နစ်နာမှု မရှိစေရန် ပြည်မြို့အထွက် ကံသုံးဆင့် ကျေးရွာအနီးတွင် ဧက ၂၀ နှင့် ၃၀ ကြားရှိ ကျေးရွာသစ်တစ်ခု ထူထောင်ပေးမည် ဖြစ်သည်။

“အရင်အစိုးရလက်ထက်က ကြက်ဆူ စိုက်ခင်းအတွက် မြေနေရာတွေ ချပေးခဲ့တဲ့ မြို့ပြင်ဘက်မှာ နေရာချပေးဖို့ စီစဉ်နေတယ်။ တချို့ဒေသခံတွေက တရားဝင် ဝယ်ယူထားတဲ့ မှတ်တမ်းမှတ်ရာ ပါနေပေမယ့် ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် မဆုံးရှုံးစေဖို့ စဉ်းစားရတာပါ။ အဓိက ဒေသခံတွေ နစ်နာမှု မဖြစ်အောင် နေရာချပေးမှာပါ”ဟု ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

ယူနက်စကိုက ပထမဆုံး အသိအမှတ်ပြုခဲ့သော ပျူမြို့ဟောင်း သရေခေတ္တရာ ယဉ်ကျေးမှုဇုန်အတွင်း နှစ်ပေါင်း ၅၀ ကျော်ကတည်းက တည်ရှိသော ကျေးရွာ ၁၇ ရွာရှိသော်လည်း နောက်ပိုင်းတွင် ကျူးကျော်နေထိုင်သူများ ထပ်မံ ရောက်ရှိလာခြင်းကြောင့် ယဉ်ကျေးမှုဒေသနှင့် လျော်ညီစေရန် ကျူးကျော်သူများကို ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။

ယင်းအပြင် ယခုနှစ်အတွင်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသော မြောက်ဦး ယဉ်ကျေးမှုဇုန်တွင်လည်း အလားတူ ကျူးကျော်နေထိုင်သူများ ပေါ်ပေါက်လာခြင်းကြောင့် ယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေအရ တရားစွဲဆိုမှုများရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။

J-17


  • VIA