News

POST TYPE

REGIONAL

သရေခေတ္တရာ ပြတိုက်ဝင်းအတွင်း ပထမဆုံး ကလေးပညာပေး စင်တာ ဖွင့်မည်
19-Jul-2017
ရန်ကုန်၊ ဇူလိုင် ၁၉

ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ ယဉ်ကျေးမှု ပြတိုက်ဝင်းအတွင်း ကလေးများအတွက် ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများကို လေ့လာထိန်းသိမ်းတတ်စေရန် ပထမဆုံး ကလေးသူငယ်များဆိုင်ရာ ပညာဖြန့်ဖြူးရေး (Child Education Centre) စင်တာကို ဇူလိုင် လကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါ ယဉ်ကျေးမှုပြတိုက်ထံမှ သိရသည်။

အဆိုပါဝန်းအတွင်း စင်တာနှင့်အတူ ကလေးများကို ဆွဲဆောင်ရန် ဒန်းစီးကစားကွင်းနှင့် လျှောစီး ကစားကွင်းများပါသည့် ပညာပေး ပန်းခြံငယ်တစ်ခု ထားရှိမည်ဖြစ်ကြောင်း၊ ယင်းပန်းခြံငယ်အတွင်း မြေမြုပ်ထားသော ရှေးဟောင်း အရိုးအိုးများကို ကိုယ်တိုင် ရှာဖွေရမည့် သုတေသန အစီအစဉ်ပါ ထည့်သွင်းထားကြောင်း အဆိုပါပြတိုက်မှ အင်ဂျင်နီယာ တာဝန်ခံ ဦးကျော်မျိုးဝင်းက ပြောကြားသည်။ 

“နိုင်ငံတကာမှာ ရှေးဟောင်း ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ထိန်းသိမ်းတတ်ဖို့ ကလေးတွေကို ဦးစားပေး စည်းရုံးတယ်။ ပညာပေးကြတယ်။ အင်္ဂလန်သွားရင်း တွေ့လာလို့ ပန်းခြံလေးကို ဖော်ဆောင်လိုက်တာပါ။ ဒီမှာလည်း ရှိသင့်တယ်ယူဆလို့ ညွှန်ချုပ်ကိုတင်ပြပြီး ဘတ်ဂျက် မတောင်းဘဲ ကိုယ့်နီးစပ်ရာ လူတွေနဲ့ လုပ်လိုက်တာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါစင်တာကို  ပြည်မြို့နယ်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ သရေခေတ္တရာ ယဉ်ကျေးမှုပြတိုက်ဝင်းအတွင်း ဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း အဆိုပါ ပြတိုက်ထံမှ သိရသည်။

“နိုင်ငံတိုင်းမှာ သမိုင်းတန်ဖိုးဖြစ် ဖြစ်၊ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်ဖြစ် အဆုံးထိ သိအောင် ဖန်တီးပေးဖို့၊ ပညာပေးဖို့ လုပ်ရမှာပါ။ ယဉ်ကျေးမှုနဲ့စပ်ဆက်တဲ့ နေရာတိုင်းမှာ လုပ်သင့်တယ်”ဟု အမျိုးသားပြတိုက် (ရန်ကုန်)မှ ရှေးဟောင်း သုတေသန ပညာရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယူနက်စကိုက ပထမဆုံး အသိအမှတ်ပြုခဲ့သော ပျူမြို့ဟောင်း သုံးမြို့တွင် သရေခေတ္တရာ ယဉ်ကျေးမှုဇုန်မှာ တစ်ခု အပါအဝင်ဖြစ်ပြီး ယင်းသည် ဧရိယာအကျယ်ဝန်းဆုံးနှင့် ကျေးရွာ ၁၇ ရွာရှိသော နေရာတစ်ခုဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။

J-17


  • VIA