POST TYPE

REGIONAL

တပ်မတော်နှင့် RCSS ဟိုပုံးတွင် တိုက်ပွဲဖြစ်
16-Jul-2017 tagged as တိုက်ပွဲ

ရန်ကုန်၊ ဇူလိုင် ၁၆

အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့နှင့် တပ်မတော်တို့ ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

တပ်မတော်နှင့် RCSS တပ်များသည် ဟိုပုံးမြို့နယ် ဟိုင်းခိုင်းကျေးရွာအနီးတွင် ဇူလိုင်လ ၁၄ ရက် ညနေပိုင်းတွင် ရုတ်တရက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရမှု ရှိကြောင်း ၎င်းက ဆိုသည်။

“တပ်တွေက ကြိုတင်အကြောင်း မကြားဘဲ ရုတ်တရက် ဝင်လာတော့ ရုတ်တရက် ရင်ဆိုင် တိုက်ပွဲဖြစ်တာပါ။ အသေအပျောက်တော့ မသိသေးဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ကိုယ်စားလှယ်များထံ အကြောင်း ကြားလာခြင်း မရှိသေးသည့်အတွက် မည်သည့်အတွက်ကြောင့် တိုက်ပွဲဖြစ်ပွားသည်ကို မသိရှိရသေးကြောင်း အဆိုပါ ကော်မတီမှ အရပ်သား စောင့်ကြည့်ရေး ကိုယ်စားလှယ် ကိုခွန်စိုးထွန်းအောင်က ပြောကြားသည်။

“ဘာကြောင့် ဖြစ်လဲဆိုတာ ပြောဖို့တော့ ခက်တယ်။ နှစ်ဖက် နယ်မြေသတ်မှတ်တာတွေ မလုပ်ရသေးတဲ့အတွက် ပြောရခက်တယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေကိုတော့ ဘာမှ အကြောင်းကြားထားတာတော့ မရှိသေးဘူး”ဟု ၎င်းက ဆိုသည်။

RCSS အဖွဲ့နှင့် တပ်မတော်တို့ ပြီးခဲ့သည့် ဧပြီလပိုင်းတွင်လည်း ရှမ်းပြည်နယ် ပင်လုံမြို့အနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားထားသည်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ဒေသတွင်း ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံ သတင်းဌာနများက ဖော်ပြလေ့ရှိသည်။

R-08