News

POST TYPE

REGIONAL

ပုသိမ်တွင် ဆိုက်ကားဆရာများအသင်း ဖွဲ့စည်း
16-Jul-2017 tagged as


ပုသိမ်၊ ဇူလိုင် ၁၆

ပုသိမ်မြို့ ဆိုက်ကားဆရာများ စုပေါင်း၍ ယနေ့ (ဇူလိုင်လ ၁၆ ရက်) မွန်းလွဲပိုင်းက ပုသိမ်မြို့ ရွှေစည်းခုံစေတီ ရင်ပြင်တန်ဆောင်းတွင် တွေ့ဆုံကာ ပုသိမ်အခြေစိုက် ဆိုက်ကားဆရာများအသင်းကို ဖွဲ့စည်းခဲ့သည်။

ဆိုက်ကားဆရာများ၏ လူမှုရေး အခက်အခဲများ ကူညီရန်နှင့် လူမှုရေးလုပ်ငန်းများတွင် တတ်စွမ်းသမျှ ပူးပေါင်း ပါဝင်ကူညီရန် ယင်းသို့ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည့် ဆိုက်ကားဆရာ ဦးသန်းဇော် (ခ) ဦးတရုတ်ကြီးက ဆိုသည်။

“ကျွန်တော်တို့ ဆိုက်ကားဆရာတွေ လုပ်အားခထဲက ထည့်ဝင် စုဆောင်းတဲ့ငွေနဲ့ လူမှုကူညီရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာပါ။ အနည်းစု အခက်အခဲ ဖြစ်နေတာကို လူအများပေါင်းစု ကူညီတဲ့ စနစ်ပါ၊ ဆိုက်ကားဆရာတွေကလည်း လူသား ဂုဏ်သိက္ခာ ရှိတယ်ဆိုတာကိုလည်း ဆိုက်ကားဆရာတွေရော အခြားသော လူတန်းစားအဖွဲ့အစည်းတွေ ဂရုပြုလာစေချင်ပါတယ်”ဟု ထိုအသင်း ဖွဲ့စည်းနိုင်ရေး ဦးဆောင်ခဲ့သော တွဲဘက် ဘဏ္ဍာရေးမှူး ဦးသန်းစိုးက ပြောကြားသည်။

ယနေ့ အစည်းအဝေး တက်ရောက်သူများက ရွေးချယ်တင်မြောက်လိုက်သည့် ထိုအသင်း၏ ဗဟိုကော်မတီသည် တက်ရောက်သူများ ရှေ့မှောက်တွင် နိုင်ငံအပေါ် သစ္စာရှိရန်၊ တည်ဆဲ ဥပဒေများကို လေးစားလိုက်နာရန်၊ ဆိုက်ကားဆရာ အချင်းချင်း သစ္စာရှိရန် စသည့်အချက် ၃ ချက်ပါရှိသော ဝန်ခံစာချုပ်ပေါ်တွင် လက်ဗွေနှင့် လက်မှတ် ရေးထိုးကာ ဝန်ခံကတိပြုရကြောင်း ၎င်းက ရှင်းပြသည်။

ပုသိမ်မြို့အခြေစိုက် ဆိုက်ကားဆရာကြီးများအသင်းကို မြို့ပေါ်ရပ်ကွက် ၁၄ ခုမှ ဆိုက်ကားဆရာ ၅၀ ဦးကျော်ဖြင့် စတင်ဖွဲ့စည်းပြီး အဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းနိုင်ရေး ရပ်ကွက်အလိုက် ဒေသခံ ဆိုက်ကားဆရာကြီးများ အသင်းကို ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုအဖွဲ့ ဗဟိုကော်မတီထံမှ သိရှိရသည်။

R-12

  • TAGS