News

POST TYPE

REGIONAL

ဘားအံတွင် မဘသဆိုင်းဘုတ် အသစ်စိုက်ထူမည်
16-Jul-2017 tagged as မဘသ

(ပုံစာ - မဘသဆိုင်ဘုတ် အသစ်စိုက်ထူရန် ကရင်ပြည်နယ် မဘသ ဆရာတော်များက မြို့ခံလူထုကို ယနေ့ (ဇူလိုင်လ ၁၆ ရက်) ဘားအံမြို့၊ သရက်တောကျောင်းတိုက်တွင် သြဝါဒ ပေးနေစဉ်)

ဘားအံ၊ ဇူလိုင် ၁၆

ကရင်ပြည်နယ် ဘားအံမြို့တွင် စိုက်ထူထားသော မဘသဆိုင်းဘုတ်ဟောင်းကို ဖြုတ်ချ၍ ဆိုင်းဘုတ်အသစ် စိုက်ထူသွားမည် ဖြစ်ကြောင်း ကရင်ပြည်နယ် မဘသ အတွင်းရေးမှူး ဆရာတော် ဦးကေသရိန္ဒက မိန့်ကြားသည်။

မဘသဆိုင်းဘုတ် အသစ်စိုက်ထူမည့် ကိစ္စကို ကရင်ပြည်နယ် မဘသဥက္ကဋ္ဌ ဆရာတော် အပါအဝင် မဘသ ဆရာတော်များက ယနေ့ (ဇူလိုင်လ ၁၆ ရက်) က ဘားအံမြို့ သရက်တောကျောင်းတိုက်တွင် လူထုကို ရှင်းပြခဲ့သည်။

“မူလဆိုင်းဘုတ်က မကောင်းလို့ အသစ်ထပ်မံ စိုက်ထူမှာဖြစ်တယ်” ဟု သရက်တောကျောင်းတိုက် ဆရာတော်လည်းဖြစ်သူ ဆရာတော် ဦးကေသရိန္ဒက မိန့်ကြားသည်။

ကရင်ပြည်နယ်အတွင်း မဘသ ဆိုင်းဘုတ်များကို ကရင်လက်နက်ကိုင်အဖွဲ့များ အပါအဝင် ပြည်နယ်မဘသ အဖွဲ့ဝင်များက အသက်နှင့်လဲ၍ ကာကွယ်မည် ဖြစ်ကြောင်း ၄င်းတို့၏ သဘောထားကို ယမန်နေ့က ပြောကြားထားသေးသည်။

ထို့ပြင် လက်ရှိစိုက်ထူထားသည့် မဘသအဖွဲ့၏ မူလဆိုင်းဘုတ်သည် စည်ပင်ပိုင်မြေတွင် ဖြစ်နေပြီး ဆိုင်းဘုတ်အသစ်ကို ကျောင်းတိုက်ပိုင်မြေတွင် စိုက်ထူမည်ဟု ဦးကေသရိန္ဒက မိန့်ကြားထားသေးသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ် မဘသအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က “ကရင်ပြည်နယ် မဟနနဲ့ မဘသက တစ်ထပ်တည်းပါ။ ချစ်ချစ်ခင်ခင် နေကြပါတယ်။ မဟနနဲ့ မဘသ ဖြစ်ပေါ်နေတဲ့ ကိစ္စအပေါ် ဆွေးနွေးရင် အဖြေထွက်မှာပါ” ဟု မိန့်ကြားသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) က တစ်နိုင်ငံလုံးရှိ မဘသ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက် နောက်ဆုံးဖြုတ်သိမ်းရန် မေလ ၂၃ ရက်က ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

ထိုညွှန်ကြားချက်ကို မလိုက်နာလျှင် ရဟန်းဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူမည်ဖြစ်ပြီး၊ လူဖြစ်ပါက တည်ဆဲဥပဒေများဖြင့် အရေးယူမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယင်းသို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သော်လည်း ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မဘသ အမည်ကို ဆက်လက်သုံးစွဲသွားမည်ဖြစ်ပြီး ယင်းအဖွဲ့အစည်းများက တုံ့ပြန်ရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် မဘသအဖွဲ့ကြား တင်းမာမှု ပိုပြင်းထန်လာခဲ့သည်။

ဓာတ်ပုံ - ကျော်စိုးဦး