News

POST TYPE

REGIONAL

ဖလမ်းမြို့တွင် မြေပြိုသဖြင့် လူနေအိမ် ၁၀ အိမ် အရေးပေါ်ပြောင်းရွှေ့
15-Jul-2017 tagged as ချင်းပြည်နယ်

ကလေး၊ ဇူလိုင် ၁၅

ချင်းပြည်နယ် ဖလမ်းမြို့တွင် မိုးဆက်တိုက်ရွာသွန်းပြီးနောက် မြေသားအိကျပြီး အက်ကြောင်းများ ဖြစ်ပေါ်လာသဖြင့် လူနေအိမ် ၁၀ အိမ်ကို ရွှေ့ပြောင်းထားရကြောင်း ဖလမ်းခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးဇော်စိုးက ပြောသည်။

ဖလမ်းမြို့ တလန်တို ရပ်ကွက်အတွင်းရှိ လူနေအိမ်များ အနီးတွင် ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ်ပိုင်းမှ စတင်၍ မြေအက်ကြောင်း ပေါ်လာသဖြင့် နေအိမ် ၆ အိမ်မှ လူများကို ရွှေ့ပြောင်းပြီး နေထိုင်စေခဲ့သည်။

ထို့နောက် ယနေ့( ဇူလိုင်လ ၁၅ ရက်) နံနက်ပိုင်းတွင် လူနေအိမ် ၄ အိမ်အနီး မြေထပ်မံပြိုကျသဖြင့် လူများကို ပြောင်းရွှေ့နေထိုင်စေကာ အိမ်များကို ရသလောက် ဖျက်ယူနေကြောင်း နှစ်ရက်အတွင်း ပြောင်းရွှေ့နေထိုင်ရသည့် နေအိမ် ၁၀ အိမ်ရှိပြီဖြစ်ပြီး လူများကို ဆွေမျိုးနီးစပ်ရာ နေအိမ်များတွင် ပြောင်းရွှေ့နေရာချထားပေးကြောင်း ဦးမိုးဇော်စိုးက ပြောသည်။

ချင်းပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းနေပြီး ဇူလိုင်လ ၇ ရက်တွင် တွန်းဇန်မြို့ပေါ်ရှိ လူနေအိမ် ၈ အိမ် မြေပြိုကျမှုကြောင့် ပြောင်းရွှေ့ပေးခဲ့ရသေးသည်။

ထို့နောက် ဇူလိုင်လ (၁၃) ရက်တွင် ဟားခါးမြို့နယ်အတွင်း လူနေအိမ် (၄) အိမ် မြေသားအိကျသဖြင့် ပြောင်းရွှေ့ပေးခဲ့ရကြောင်း မြေသားအိကျ ပြောင်းရွှေ့နေထိုင်ရသူများကို ထောက်ပံ့ငွေများနှင့် လူသုံးကုန်ပစ္စည်းများ စားစရာများ ထောက်ပံ့ပေးလျက်ရှိကြောင်း ချင်းပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ဒုညွန်ကြားရေမှုး ဦးမြင့်အောင်က ပြောသည်။

ဓာတ်ပုံ - မိုးဇော်စိုး

R – 20