POST TYPE

REGIONAL

ပွင့်ဖြူမြို့နယ်တွင် မြစ်ရေဝင်၍ စာသင်ကျောင်းအချို့ ယာယီပိတ်ထားရ
13-Jul-2017 tagged as

ပုံစာ - ၂၀၁၅ ခုနှစ်က ပွင့်ဖြူမြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားစဉ်။

မကွေး၊ ဇူလိုင် ၁၃

ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ စာသင်ကျောင်းအချို့ကို ဇူလိုင်လ ၁၀ ရက်နေ့ ညနေအချိန်မှစတင်ကာ ယာယီ ပိတ်ထားရကြောင်း မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။ 

အဆိုပါဖြစ်စဉ်မှာ ဧရာဝတီ မြစ်ကမ်းနဖူးအနီး နေထိုင်သည့် ဒေသခံများအတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဟု ဆိုသော်လည်း ကျောင်းသားကျောင်းသူများ၏ ပညာရေး ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်း၊ မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးသောင်က ပြောကြားသည်။

“လက်ရှိအချိန်ထိတော့ မြစ်ရေကြီးလာတာကြောင့် စာသင်ကျောင်းတွေမှာ ရေဝင်တဲ့အတွက် သံကိုင်း၊ ရေချမ်းစဉ်၊ ကူကြီးနဲ့ ကျည်ကုန်းရွာတွေက စာသင်ကျောင်းတွေကို ယာယီ ပိတ်ထားလိုက်ရတာ မှန်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

မြစ်ရေဆက်တက်လာပါက မြစ်ကြောင်းဘေးတစ်လျှောက်ရှိ မြေနိမ့်ပိုင်းကျေးရွာအချို့ ရေဝင်နိုင်ပြီး မြစ်ကြောင်းအတွင်းရှိ ကျွန်းများပေါ်မှ စာသင်ကျောင်းအချို့ပါ ယာယီ ပိတ်ထားရဖွယ်ရှိကြောင်း မကွေးတိုင်းဒေသကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်က ရှင်းပြသည်။

“မနှစ်က ဒီအချိန်ဆို တော်တော်လေး တက်နေပြီ။ မနှစ်က အနေအထားနဲ့စာရင် အခုက သက်သာနေပါသေးတယ်။ ဒီလိုပါပဲ စာသင်ကျောင်းတွေက ရေတက်ပြီ ရေဝင်ပြီဆို ဒီဒေသမှာတော့ ပိတ်ထားလိုက်ရတာပါပဲ”ဟု ၎င်းက ပြောဆိုသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ သံကိုင်း၊ ကူကြီး၊ ကျည်ကုန်းနှင့် ရေချမ်းစဉ်စသည့် ကျေးရွာများတွင် နှစ်စဉ်မြစ်ရေတက်ချိန် ရောက်ပါက ရေ၀င်လေ့ရှိပြီး စာသင်ကျောင်းများ ပိတ်ထားရလေ့ရှိကြောင်း၊ ၂၀၁၅ခုနှစ် သြဂုတ်လ ၂၉ တွင် ဖြစ်ပွားခဲ့သည့် ဒေသတွင်းမြစ်ချောင်းများမှ ရေကြီးရေလျှံမှုများဖြစ်စဉ်တွင် အဆိုပါကျေးရွာများရှိ အဆောက်အအုံအချို့မှာ ရေအောက်သို့ပင် ရောက်လုနီးဖြစ်ခဲ့ရပြီး တစ်လကျော်ကြာသည့်တိုင် လင့်ထိုးနေခဲ့ရကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။

R-02

  • TAGS