News

POST TYPE

REGIONAL

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်ခြေ ၆၀၀ ကျော်ကို ထောက်ပံ့မည်
21-Aug-2016
ကျိုင်းတုံ၊ သြဂုတ် ၂၁

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၌ သြဂုတ် ၁၉ ရက် ည ၆ နာရီခွဲခန့်က မိုး သည်းထန်စွာ ရွာသွန်းမှုနှင့်အတူ လေပြင်း တိုက်မှုကြောင့် ပျက်စီး သွားခဲ့သည့် အိမ်ခြေ ၆၀၀ ကျော်အတွက် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကျိုင်းတုံခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန ဌာနမှူး ဦးမြင့်အောင်က ပြောကြားသည်။

“မနေ့က ညနေအထိ ကောက်ယူ ရရှိခဲ့တဲ့ စာရင်းတွေအရ မြို့ပေါ်နဲ့ ကျေးလက်တွေမှာ အိမ်ခြေ ၆၀၀ ကျော် ပျက်စီးမှုရှိပြီး အိမ်ငါးလုံးက လုံးဝ ပြိုလဲသွားတယ်။ ပျက်စီးသွားတဲ့ အိမ်တွေကို ကယ်ဆယ်ရေး ပစ္စည်းတွေ အပါအဝင် ပြုပြင်စရိတ်နဲ့ သုံးရက်စာ ဆန်တွေ ထောက်ပံ့ပေးမယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါနေ့က တိုက်ခတ်ခဲ့သည့် မိုးသက် လေပြင်းကြောင့် ကျိုင်းတုံမြို့ပေါ် ရပ်ကွက် နှစ်ခုမှ အိမ်ခြေ ၂၉ လုံး အပါအဝင် ကျေးရွာအုပ်စု ရှစ်အုပ်စုတွင် သြဂုတ် ၂၀ ရက်အထိ ကောက်ခံ ရရှိမှုအရ အိမ်ခြေ ၆၂၇ လုံး ပျက်စီးခဲ့ပြီး ကောက်ခံ ရရှိသည့်စာရင်းများ ထပ်မံ ရရှိပါက ပျက်စီးမှု အိမ်ခြေ တိုးလာနိုင်ကြောင်း ကျိုင်းတုံမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ပြောကြားသည်။

“ဆရာမတို့ ကျောင်းမှာတော့ သူငယ်တန်း ကျောင်းဆောင်ပေါ်ကို သစ်ပင်ကြီး ပြိုကျလို့ ပျက်စီးသွားတယ်။ ထူးခြားဖြစ်စဉ် အပါအဝင် ပြင်ဆင်စရိတ်ကို တွက်ချက်ပြီး မြို့နယ်ပညာရေးမှူးထံ တင်ပြထားတယ်”ဟု ကျိုင်းတုံမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်အေးမေက ဆိုသည်။

ကျိုင်းတုံမြို့နယ်အတွင်းရှိ လေပြင်းဒဏ်သင့် အိမ်ထောင်စုများကို ကူညီထောက်ပံ့ ပေးနိုင်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြထားသည့်အပြင် ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန အနေနှင့် ပြိုကျပျက်စီးသွားသည့် အိမ်ထောင်စုများကို ကယ်ဆယ်ရေးပစ္စည်း ကိုးမျိုးနှင့် ထိခိုက်ပျက်စီးသွားသည့် အိမ်ထောင်စုများကို ကယ်ဆယ်ရေးပစ္စည်း လေးမျိုး ထောက်ပံ့မည်ဖြစ်ကြောင်း ယင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။


  • VIA