News

POST TYPE

POPULAR POST

မိတ္ထီလာတွင် စိတ်ကြွမူးယစ်ဆေးပြား ၆၀၀ ခန့်ဖမ်းမိ
မိတ္ထီလာ၊ ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကန်သာကျေးရွာအုပ်စု ကျွန်းဖိုပင်ရွာရှိ နေအိမ်တစ်ခုတွင် ဇူလိုင်လ ၇ ရက်နေ့က စိတ်ကြွမူးယစ်ဆေးပြား ၆၀၀ နှင့် အမျိုးသားနှစ်ဦး အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မိတ္ထီလာခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ် လှစိုးမိုးက ပြောကြားသည်။

“ဆက်စပ်တရားခံတွေကိုလည်း ကျွန်တော်တို့ စုံစမ်း ဖော်ထုတ်ပြီး ဖမ်းဆီး အရေးယူဖို့ ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါအမှုကို အမှတ် ၃ နယ်မြေခံ ရဲစခန်းတွင် မယ(ပ)/ ၂၀၁၇ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၉(က)/ ၂၀(က)/ ၂၁ / ၂၂(ခ) ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

မိတ္ထီလာခရိုင်အတွင်း မြို့နယ်လေးခုတွင် ယခုနှစ်အတွင်း ဇူလိုင်လ ၆ ရက်နေ့အထိ အမှုပေါင်း ၃၄ မှုကို စစ်ဆေး အရေးယူနိုင်ခဲ့ပြီး အမှုများနှင့် ပတ်သက်သော အမျိုးသား ၆၇ ဦးနှင့် အမျိုးသမီး ၆ ဦးကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။ 

R-01