POST TYPE

POPULAR POST

အကြမ်းဖက်အန္တရာယ် ကာကွယ်ရေး ပြည်သူ့စစ်ဖွဲ့၍ လက်နက်တပ်ပေးရန် မောင်တောတွင် တောင်းဆို
ရန်ကုန်၊ ဇူလိုင် ၇

ရခိုင်ပြည်နယ်မြောက်ပိုင်း မေယုဒေသတွင် ဘင်္ဂါလီ အကြမ်းဖက်များ၏ အန္တရာယ်ကို ကာကွယ်ရန် ဒေသခံများကို ပြည်သူ့စစ် ဖွဲ့စည်း၍ ခေတ်မီလက်နက် တပ်ဆင်ပေးရန် မောင်တောမြို့နယ်၌ ပြုလုပ်သည့် အစည်းအဝေးတွင် တောင်းဆိုလိုက်ကြောင်း မောင်တောဒေသခံ ဦးစိန်လှဖြူက ပြောကြားသည်။

မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်တို့မှ ဒေသခံ ငါးရာကျော် တက်ရောက်သည့် မေယုဒေသဌာန တိုင်းရင်းသားများ ရေရှည်တည်တံ့ရေး ညှိနှိုင်းအစည်းအဝေးကို မောင်တောမြို့တွင် ဇူလိုင်လ ၆ ရက်နေ့က ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းအစည်းအဝေးအပြီးတွင် ပြည်သူ့စစ် ဖွဲ့စည်းရေး အပါအဝင် အချက်ခုနစ်ချက် ပါဝင်သည့် သဘောထား ထုတ်ပြန်ချက်ကို  ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အရပ်သားများကို သတ်ဖြတ်ခဲ့သည့် တရားခံ အစစ်အမှန်ကို ဖော်ထုတ်ဖမ်းဆီးအရေးယူရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် မညီဘဲ နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ကတ်များ ထုတ်ပေးထားမှု ပြန်လည်ရုပ်သိမ်းကာ ယင်းဥပဒေနှင့် မညီသူများကို ဒုက္ခသည်စခန်းဖြင့်ထားရန် အချက်တို့ ပါဝင်သည်။

ယင်းအပြင် မေယုဒေသတွင်  တိုင်းရင်းသားကျေးရွာများကို တိုးချဲ့ကာ အလုပ်အကိုင် ဖန်တီးပေးပြီး ကျေးရွာချင်းဆက်လမ်းများ ဖောက်ပေးရန်၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ ချက်ချင်းထွက်ခွာသွားရန်၊ လူဦးရေ ထိန်းညှိခြင်း ဥပဒေနှင့် တစ်လင်တစ်မယား ဥပဒေတို့ကို ကျင့်သုံးရန် စသည် အချက်တို့လည်း ပါဝင်သည်။

မောင်တောဒေသတွင် အကြမ်းဖက်သမားများ သတ်ဖြတ်မှုကြောင့် တိုင်းရင်းသားအချို့ သတ်ဖြတ်ခံခဲ့ရသဖြင့် တိုင်းရင်းသားအချို့ နေရပ်စွန့်ခွာနေကြသဖြင့် အကာအကွယ်ပေးရေး အစိုးရနှင့် လွှတ်တော်  ပူးပေါင်းလုပ်ဆောင်ရန် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ဇွန်လ ၂၇ ရက်နေ့က ပြုလုပ်သည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။