POST TYPE

POPULAR POST

မန္တလေးတွင် မူးယစ်ဆေးပြား ၁၂ သိန်း ထပ်မံဖမ်းမိ
လားရှိုး၊ ဇူလိုင် ၆  

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းပေါ်ရှိ နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်တွင် ဇူလိုင်လ ၅ ရက်နေ့က မော်တော်ယာဉ်နှစ်စီးပေါ်မှ ကျပ် ၁ ဒသမ ၄ ဘီလီယံ (ကျပ်သိန်းတစ် သောင်းလေးထောင်) တန်ဖိုးရှိ Metham phetamine ICE  ပုံဆောင်ခဲ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိမှုနှင့် ဆက်စပ်ပြီး မန္တလေးနေအိမ်မှ မူးယစ်ဆေးပြား ၁၂ သိန်းကို ထပ်မံဖမ်းမိခဲ့ကြောင်း လားရှိုးမြို့၊ အမှတ် ၂၄ မူးယစ်အထူးတပ်ဖွဲ့စု (နောင်ချို) လှုပ်ရှားထံမှ သိရသည်။

နောင်ချိုတွင် ဇူလိုင်လ ၅ ရက်နေ့ နံနက် ၇ နာရီခွဲကျော်က Land Cruiser မော်တော်ယာဉ် နှစ်စီးပေါ်မှ သိုဝှက်သယ်ဆောင်လာသည့် ကျပ်သိန်းတစ်သောင်း လေးထောင်တန်ဖိုးရှိ Metham phetamine ICE ပုံဆောင်ခဲများကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ်၂၄ မူးယစ်အထူးတပ်ဖွဲ့စု (နောင်ချို) လှုပ်ရှားမှ ရဲအုပ်စိုင်းရန်လင်းသူက ပြောကြားသည်။

ယင်းသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ယာဉ်မောင်းကျော်ဝင်း (ခ) လျိုရုန်းချမ်း၊ မိုးဟိန်းနှင့် ယာဉ်ပေါ်ပါလာသူ ဖူးဝေခိုင်တို့ကို နောင်ချိုမြို့မ ရဲစခန်းတွင် (ပ) ၇၁/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့်ထားကြောင်း နောင်ချိုမြို့မ ရဲစခန်းထံမှ သိရသည်။ 

အလားတူ အဆိုပါအမှုနှင့် ပတ်သက်နေသူ သုံးဦးကို ဖမ်းဆီးရမိနိုင်ရေးအတွက် နောင်ချိုမြို့မ ရဲစခန်းတွင် ပထမသတင်းပေးတိုင်ချက် အမှတ် (ပ) ၇၂/၂၀၁၇တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၁ အရ အမှုဖွင့်ထားကြောင်း အဆိုပါ စခန်းထံမှ သိရသည်။ 

ယင်းသို့ ဖမ်းဆီးရမိမှု ကွင်းဆက်အဖြစ် ဇူလိုင်လ ၅ ရက်နေ့ညက မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ နေအိမ်တစ်ခုသို့ ဝင်ရောက်ရှာဖွေရာတွင် စိတ်ကြွမူးယစ်ဆေးပြား ၁၂ သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ခွဲ (တောင်ပိုင်း) ထံမှ သိရသည်။

နောင်ချိုမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သူသုံးဦးကို စစ်ဆေးချက်အရ မန္တလေးမြို့ရှိ ၎င်းတို့ပိုင်ဆိုင်သည့် နေအိမ်တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းထားကြောင်း ပေါ်ပေါက်ခဲ့သည့်အတွက် ဝင်ရောက်ရှာဖွေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၁) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ခွဲ (မန္တလေး) မှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ကျော်ဆန်းက ပြောကြားသည်။

ယင်းသို့ စစ်ဆေးပေါ်ပေါက်ချက်အရ ကျော်ဝင်းပိုင်ဆိုင်သည့် ပြည်ကြီးတံခွန်မြို့နယ် (င) ရပ်ကွက် ၅၈ လမ်းနှင့် ဗညားဒလလမ်းထောင့်ရှိ နေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါး မတွေ့ရဘဲ အိမ်စောင့်နှင့် လာရောက်တည်းခိုသူများကို တွေ့ရှိခဲ့ရာမှ အိမ်စောင့်ကို စစ်ဆေးရာ ဦးကျော်ဝင်း ပိုင်ဆိုင်သည့် ဂိုဒေါင်တစ်ခုတွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းထားကြောင်း ဝန်ခံခဲ့သည့်အတွက် ဝင်ရောက်ရှာဖွေရာ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဂိုဒေါင်အတွင်း သိမ်းဆည်းထားသည့် မော်တော်ယာဉ်များပေါ်မှ ဆာလာအိတ်ဖြင့် ထည့်ထားသည့် ၈၈/၁ စာတန်းပါ ပန်းရောင်စိတ်ကြွ မူးယစ်ဆေးပြား တစ်ထုပ်လျှင် ဆေးပြားခြောက်ထောင်ပါ ၁၉ ထုပ်၊ အခြားယာဉ်တစ်စီး၏ စပယ်ယာဘီးများ အတွင်းမှ တစ်ထုပ်လျှင် ဆေးပြားခြောက်ထောင်ပါ ၇၅ ထုပ်နှင့် အခြားယာဉ်တစ်စီးပေါ်မှလည်း တစ်ထုပ်လျှင် ခြောက်ထောင်ပါ ၄၂ ထုပ်ကို ကနဦး တွေ့ရှိခဲ့ပြီး မူးယစ်ဆေးဝါးများနှင့် မော်တော်ယာဉ်များကို သိမ်းဆည်းကာ မော်တော်ယာဉ်များကို ကျွမ်းကျင်ပညာရှင်များဖြင့် ဖြုတ်ကာ ဆက်လက်ရှာဖွေစဉ် ယာဉ်တစ်စီး၏ ဆီတိုင်ကီအံဝှက် အတွင်းမှ တစ်ထုပ်လျှင် ဆေးပြားခြောက်ထောင်ပါ ၇၄ ထုပ်ကို ထပ်မံတွေ့ရှိခဲ့ကာ စုစုပေါင်း ဆေးပြားပေါင်း ၁,၂၆၄,၀၀၀ ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းသို့ မူးယစ်ဆေးဝါးများကို သိမ်းဆည်းထားသူ အသက် ၅၂ နှစ် အရွယ်ရှိ ကျော်ဝင်း (ခ) လျှိုရုန်းချမ်း၊ ၎င်း၏ ဇနီးဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဖူးဝေခိုင်နှင့် အိမ်စောင့်အဖြစ် စောင့်ရှောက်ပေးသူ အသက် ၃၂ နှစ် အရွယ်ရှိ အောင်မင်းထွန်းတို့ကို ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်းတွင် (ပ) ၃၅/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့်ကာ အောင်မင်းထွန်းကို ဖမ်းဆီးထားကြောင်း အဆိုပါ စခန်းထံမှ သိရသည်။

M-04 /R-07