News

POST TYPE

POPULAR POST

မန္တလေးတွင် မူးယစ်ဆေးပြား ရှစ်သိန်းဖမ်းမိ
မန္တလေး၊ ဇူလိုင် ၅

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုအတွင်း ဇူလိုင်လ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန်က စိတ်ကြွ မူးယစ်ဆေးပြား ရှစ်သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ခွဲ (တောင်ပိုင်း) ထံမှ သိရသည်။

“လားရှိုးကွင်းစက်ကို သတင်းအရ ဝင်စစ်တော့ ဆေးပြားပေါင်း ရှစ်သိန်း ဖမ်းမိခဲ့တာပါ။ အခုလောလောဆယ် အမှုမဖွင့်နိုင်သေးပါဘူး၊ ပြည်ကြီးတံခွန် မြို့မရဲစခန်းမှာပဲ အမှုဖွင့်မှာ ဖြစ်ပါတယ်။ တစ်ယောက် မိထားပါတယ်”ဟု အဆိုပါ တပ်ဖွဲ့ခွဲမှူး ရဲမှူး ကိုကိုလေးက ပြောကြားသည်။

ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်း၊ (င/ညည-၂) ရပ်ကွက်အတွင်းရှိ အိမ်အမှတ် ၇၅ အတွင်းသို့ ဝင်ရောက်စစ်ဆေးရာ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ မူးယစ်ဆေးပြား ရှစ်သိန်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းမူးယစ်ဆေးပြားနှင့်အတူ ပိုင်ရှင်ဟုယူဆရသည့် အောင်မျိုးထွန်းဟုဆိုသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းလည်း မန္တလေးတိုင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ခွဲ (တောင်ပိုင်း) ထံမှ ထပ်မံ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ကြီးတံခွန် မြို့မရဲစခန်းသို့ လာရောက် အမှုဖွင့်ခြင်း မရှိသေးသော်လည်း ဖြစ်စဉ်မှာ မှန်ကန်ကြောင်းနှင့် ဖမ်းမိသည့်နေ့ ညပိုင်းတွင်ပင် အမှုဖွင့်လိမ့်မည်ဟုယူဆကြောင်း ယင်းမြို့နယ် မြို့မရဲစခန်းမှ တာဝန်ကျ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

M-04