News

POST TYPE

POPULAR POST

စင်ကာပူနိုင်ငံ တပ်မတော် နည်းပညာကို အသုံးချထားမှုများ ပြည်သူကို ထုတ်ဖော်ပြသ

စင်ကာပူ၊ ဇူလိုင် ၎

အကြမ်းဖက်သမားများ၊ ခြိမ်းခြောက်မှုများနှင့် အန္တရာယ်များကို ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ မဖြစ်စေရန်အတွက် စင်ကာပူနိုင်ငံ တပ်မတော်က ပြည်သူများကြားထဲတွင် နည်းပညာများ အသုံးပြုကာ မည်သို့ အကာအကွယ် ပေးထားကြောင်း သရုပ်ပြမှုများနှင့် ကာကွယ်ရေးဝန်ကြီး၏ ထုတ်ဖော်ပြောကြားချက်ကို Reuters သတင်းတွင် ဖော်ပြထားသည်။

စင်ကာပူအစိုးရသည် ဇူလိုင်လ အစောပိုင်းကတည်းက ယခုနှစ်သည် အကြမ်းဖက်သမားများ ခြိမ်းခြောက်မှု အများဆုံးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် အကြမ်းဖက်သမားများ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ရင်ဆိုင်ရပြီးသည့် နောက်ပိုင်း၌ အရှေ့တောင်အာရှနိုင်ငံများသို့ အကြမ်းဖက်မှုများ ပြန့်ပွားလာမည်ကို စိုးရိမ်မိကြောင်း ဝန်ကြီးက ပြောကြားသည်။ 

အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့်အတူ ပူးပေါင်းပြီး ဆူလူပင်လယ်အတွင်း ကင်းလှည့်ခြင်းများကို ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ယင်းကဆိုသည်။

ထို့ပြင် လေယာဉ်များ၊ သင်္ဘောများအပြင် ဆေးဝန်ထမ်းများကအစ စင်ကာပူနိုင်ငံအနေနှင့် အကြမ်းဖက်သမားများ နှိမ်နင်းရေးတွင် အထောက်အပံ့ ပေးမည်ဖြစ်ကြောင်းလည်း ဝန်ကြီးက ဆိုသည်။

စင်ကာပူနိုင်ငံတွင် အမျိုးသားမှန်သမျှ အသက် ၁၈ နှစ်ပြည့်လျှင် စစ်မှု ၂ နှစ် တာဝန်ထမ်းဆောင်ရန် ပြဋ္ဌာန်းထားပြီး စစ်သင်တန်းများ ပေးကာ လေ့ကျင့်ပေးလျက်ရှိသည်။

လူဦးရေ ၅ ဒသမ ၅ သန်းခန့်သာရှိသော စင်ကာပူနိုင်ငံတွင် နှစ်စဉ် စွမ်းရည်ပြည့်ဝသည့် နိုင်ငံသားပေါင်း ၁၈၀ဝ၀ ဦးခန့်အထိ မွေးထုတ်ပေးသွားရန် ရည်ရွယ်ထားပြီး၊ တပ်မတော်တွင် တတ်နိုင်သလောက် လူအင်အား လျှော့ချကာ အလိုအလျောက် အသုံးပြုနိုင်သည့် ကင်းလှည့်ယာဉ်များ၊ စွမ်းရည်မြင့် စက်ရုပ်နည်းပညာများကို တပ်ဆင် အသုံးပြုသွားရန် ရည်ရွယ်ထားကြောင်းလည်း ဝန်ကြီးက ပြောကြားသည်။

စင်ကာပူရေတပ်သည် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် မောင်းသူမဲ့ ရေယာဉ်များကို စမ်းသပ် အသုံးပြုသွားရန် စီစဉ်နေကြောင်း၊ ကမ်းရိုးတန်းကိုလည်း ဉာဏ်ရည်တု စက်စွမ်းရည်သုံး ရေယာဉ်များဖြင့် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း Reuters တွင် ရေးသားထားသည်။