News

POST TYPE

POPULAR POST

အမြန်လမ်းတွင် သစ်တောဝန်ထမ်းများကို သစ်ကားပိုင်ရှင်နှင့်အဖွဲ့က ပြန်လည်တိုက်ခိုက်
04-Jul-2017 tagged as အမြန်လမ်း

တောင်ငူ၊ ဇူလိုင် ၃

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဇူလိုင်လ ၁ ရက် နံနက်ပိုင်းက သစ်ကားဖမ်းဆီးသော သစ်တောဝန်ထမ်းများကို သစ်ကားပိုင်ရှင်နှင့်အဖွဲ့က တုတ်၊ လေးခွတို့ဖြင့် လိုက်လံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနထံမှ  သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် အမှတ် ၁၅၄ အနီးတွင် တရားမဝင် သစ်တင်ဆောင်လာသည်ဟု သတင်းရရှိသဖြင့် ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ အရာရှိတစ်ဦး ပါဝင်သည့် ပူးပေါင်းအဖွဲ့က စောင့်ဆိုင်းစဉ် ကေတုမတီမြို့သစ်မှ အမြန်လမ်းပေါ်တက်ကာ သစ်တင်လာသော ၆ ဘီး ကုန်တင်ယာဉ်ကို တားမြစ်ခဲ့ကြောင်း၊ မော်တော်ယာဉ်က ရပ်မပေးဘဲ လောက်လေးခွတွင် သံဂေါ်လီ ထည့်ပစ်ခတ်သဖြင့် သစ်တောဝန်ထမ်းများက  မော်တော်ယာဉ်ဖြင့် နောက်မှ လိုက်ကာ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးရာတွင်  ၆ ဘီးယာဉ်ပေါ် လိုက်ပါလာသူများက သစ်တောဝန်ထမ်းများ စီးလာသောယာဉ်ကို လေးခွများဖြင့် လိုက်လံပစ်ခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။ 

ယင်းနောက် မိုင်တိုင် ၁၃၅ မိုင်အနီးတွင် အဖြူရောင် Wish အမျိုးအစား ကိုယ်ပိုင်ယာဉ်က သစ်တင်ကားနှင့် သစ်တောဝန်ထမ်းများ လိုက်လာသည့် ကားကြားမှ ဖြတ်ဝင်ကာ သံပိုက်လုံးများဖြင့် ပစ်ခတ်ခဲ့သဖြင့် သစ်တောရဲမှ သေနတ်ဖြင့် ပစ်ဖောက်ခဲ့ရပြီးနောက် ကိုယ်ပိုင်ယာဉ်မှာ ထွက်ပြေးမောင်းနှင်သွားကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းနောက်  သစ်တင်ယာဉ်ကို မျက်ခြည်ပြတ်ခဲ့ပြီး လိုက်လံရှာဖွေရာမှာ မိုင်တိုင် ၁၁၆ အနီးရှိ  ဆောက်လုပ်ရေးဝင်းဟောင်း အနီးတွင် ပြန်လည်တွေ့ရှိကြောင်း၊ ယာဉ်ပေါ်မှာ သစ်ခွဲသား ၂တန် ကျော် ဖမ်းမိခဲ့ကြောင်း၊ ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ၎င်းက ပြောကြားသည်။ 

“သစ်တင်ကားက လောက်လေးခွတွေနဲ့ တောက်လျှောက်လိုက်ပစ်တာ၊ အမြန်လမ်းပေါ်မှာ ကားတစ်စင်းနဲ့ပိတ်ပြီး သစ်ကားကို လွတ်အောင်ကြားနေမောင်းပြီး သံတုတ်တွေနဲ့ ထပ်ပစ်တယ်” ဟု ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမြန်လမ်း ၁၁၆ မိုင်အနီးတွင် ရှိသည့် ဆောက်လုပ်ရေးဝင်းဟောင်းထဲ၌ တရားမဝင် သစ်တင်ကားတစ်စီးကို ရေတာရှည်မြို့နယ် သစ်တောဌာန ဝန်ထမ်းများက ဖမ်းဆီးရမိခဲ့သည့်အတွက် ဖြူးမြို့နယ်သစ်တောဦးစီးဌာနကို အပ်နှံပေးခဲ့သည်ဆိုသည့် သတင်းသာ ကြားသိထားပြီး လာရောက်အမှုဖွင့်ထားခြင်း မရှိကြောင်း ဖြူး အမြန်လမ်းရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။ 

R-15