News

POST TYPE

POPULAR POST

ကားဈေး ၁၅ သိန်းခန့် ဈေးကျ
03-Jul-2017 tagged as ကား

ရန်ကုန်၊ ဇူလိုင် ၂

ရန်ကုန်လိုင်စင်မော်တော်ယာဉ်အချို့ ပြန်လည်ရရှိခြင်းကြောင့် နယ်လိုင်စင် အင်ဂျင်ပါဝါ ၁၃၀၀ စီစီ မော်တော်ယာဉ်တစ်စီးလျှင် ကျပ် ၁၅ သိန်းခန့် ဈေးကျကြောင်း မော်တော်ယာဉ်ဈေးကွက် အတွင်းမှ သိရသည်။

အတက်ဘက်သို့သာ သွားနေသော မော်တော်ယာဉ်ဈေးနှုန်းသည် ယခုနှစ်အတွင်း မော်တော်ယာဉ်မူဝါဒ၊ လိုင်စင်ကြေး၊ အခွန်များ တိုးကောက်လာခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်နေရာမှ ယခုအခါ နယ်လိုင်စင်ဈေးနှုန်းများ ကျဆင်းလာခြင်း ဖြစ်သည်။

မော်တော်ယာဉ် ဈေးကွက်အတွင်း တိုက်ကြေစလစ်များဖြင့် ၁၃၀၀ စီစီများကို ရန်ကုန်လိုင်စင် ထုတ်ယူ၍ ဈေးကွက်အတွင်း ဝင်ရောက်ရောင်းချလာခြင်းကြောင့် နယ်လိုင်စင် ဈေးနှုန်းများ ကျဆင်းခြင်း ဖြစ်သော်လည်း အခြားမော်တော်ယာဉ် ဈေးနှုန်းများ ကျဆင်းခြင်း မရှိကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။

“ပွိုင့်သရီး (၁၃၀၀ စီစီ) လှောင်ထားတဲ့ သူတွေကလည်း ရန်ကုန်လိုင်စင်တွေ ထွက်လာတော့ ထုတ်ရောင်းလာကြတယ်လေ။ အဲဒီတော့ အရင်က နယ်လိုင်စင်ဈေးနဲ့ ရန်ကုန်လိုင်စင်ဈေးက မကွာတော့ ရန်ကုန်လိုင်စင်ပဲ ဝယ်ကြမှာပေါ့။ အဲဒါကြောင့် နယ်လိုင်စင်ဈေး ကျတာပါ” ဟု KL Seven မော်တော်ယာဉ် အရောင်းစင်တာပိုင်ရှင် ဦးကြည်သာဟန်က ပြောဆိုသည်။ 

ထိုသို့ မော်တော်ယာဉ် ဈေးနှုန်းများ ကျဆင်းခြင်းသည် အရောင်းစင်တာများရှိ ၂၀၀၀ ခုနှစ်အောက် မော်ဒယ်လ်ကို စလစ်အစား ကျပ်သိန်း ၃၀ နှင့် ၂၀၀၁ မှ ၂၀၀၅ ခုနှစ် မော်ဒယ်လ်အထိကို ကျပ်သိန်း ၆၀ ဖြင့် စလစ်အစား ပေးသွင်း၍  ရောင်းချခွင့် ပြုထားခြင်းနှင့်လည်း သက်ဆိုင်ပြီး ထိုမော်တော်ယာဉ်များမှာ ဈေးကွက်အတွင်း မရှိသလောက် နည်းပါးနေပြီ ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြု ပြောဆိုသည်။

ယခင်က နယ်လိုင်စင် Honda Fit (မော်ဒယ်လ် ၂၀၁၁) တစ်စီးလျှင် ကျပ် ၁၇၀ ခန့်မှ ယခုအခါ ကျပ်သိန်း ၁၅၀ ကျော်သို့ လည်းကောင်း၊ နယ်လိုင်စင် Suzuki Swift တစ်စီးလျှင် ယခင်က ကျပ်သိန်း ၁၆၀၊ ၁၇၀ ခန့်မှ ယခုအခါ ကျပ်သိန်း ၁၅၀ ခန့်သို့ လည်းကောင်း ဈေးနှုန်းများ ကျဆင်းလာကြောင်း မော်တော်ယာဉ်ဈေးကွက် အတွင်းမှ သိရသည်။

ထို့ကြောင့် ရန်ကုန်လိုင်စင်အတွက် လိုအပ်သည့် စလစ်ဈေးနှုန်းများ မြင့်တက်လာပြီး နှစ် ၂၀ စလစ်တစ်စောင်လျှင် ကျပ်သုံးသိန်းခန့်နှင့် တိုက်ကြေစလစ် တစ်စောင်လျှင် ကျပ်လေးသိန်းမှ ငါးသိန်းခန့်သို့ မြင့်တက်ကြောင်း စလစ်ဈေးကွက် အတွင်းမှ သိရသည်။

ထိုသို့ နယ်လိုင်စင် မော်တော်ယာဉ်ဈေးနှုန်းများ ကျပ် ၁၅ သိန်းခန့် ကျဆင်းသော်လည်း မော်တော်ယာဉ် အရောင်းအဝယ်မှာ အေးစက်နေဆဲဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

S-04