News

POST TYPE

POPULAR POST

အစိုးရ စီးပွားရေး မူဝါဒများကို ဝေဖန်ခဲ့သော ရန်ကုန်တိုင်း လွှတ်တော်အမတ်ကို NLD ပါတီက ထုချေလွှာ တင်ခိုင်း
01-Jul-2017 tagged as NLD

ရန်ကုန်၊ ဇူလိုင် ၁

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ စီးပွားရေး မူဝါဒများကို ဝေဖန်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို NLD ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့က ဇူလိုင်လ ၃ ရက်နေ့၌ ထုချေလွှာတင်ရန် ညွှန်ကြားထားကြောင်း NLD ပါတီထံမှ သိရသည်။

ဦးကျော်ဇေယျသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်လည်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ၏ အတွင်းရေးမှူး တာဝန်ကို ယူထားသူဖြစ်သည်။

ဦးကျော်ဇေယျ (ဒဂုံမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)) ကိုယ်စားလှယ်သည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဆောင်ရွက်လျက်ရှိသော သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ညဈေးတန်း၊ ကျူးကျော်ကိစ္စ စသည့်ကိစ္စရပ်များ၏ အားနည်းချက်များကို ထောက်ပြပြောဆိုမှုများ RFA သတင်းဌာနနှင့် အင်တာဗျူး တစ်ခုတွင် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ပြောကြားခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်းမြို့တော်ဝန် ဦးမောင်မောင်စိုး ပြောဆိုခဲ့သော လျှပ်စစ်မီးရရှိလျှင် မြေအောက်မြို့တော် တည်ဆောက်မည်ဟု ပြောဆိုခဲ့ခြင်းသည် အရပ်သားတစ်ဦး ပြောဆိုခဲ့သော စကားခန့်သာရှိကြောင်း ဦးကျော်ဇေယျက အဆိုပါ အင်တာဗျူးမှတစ်ဆင့် ဝေဖန်ခဲ့သည်။

ထို့အတူ NLD အစိုးရလက်ထက် တစ်နှစ်ကျော် ကာလအထိ နိုင်ငံ၏ စီးပွားရေး တိုးတက်မှု မရှိခြင်းများကို ထောက်ပြ ပြောဆိုမှုများလည်း ပြုလုပ်ခဲ့ခြင်းကြောင့် NLD အတွင်းရေးမှူးအဖွဲ့မှ ထုချေလွှာ တင်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

“ထုချေလွှာ တင်ခိုင်းတာ မှန်တယ်။ ကြားရတာ မှန်တယ်”ဟု NLD ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

 NLD ပါတီ၏ စီးပွားရေးဆိုင်ရာ ကိစ္စများကို ဝေဖန်ခဲ့ခြင်းကြောင့် ဇူလိုင်လ ၃ ရက်နေ့၌ ထုချေလွှာရေး၍ တင်သွားမည်ဖြစ်ကြောင်း ဦးကျော်ဇေယျက ဆိုသည်။ 

“ဇူလိုင်လ(၃)ရက်နေ့မှာ ထုချေလွှာ တင်သွားမှာပါ”ဟု ဦးကျော်ဇေယျက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်၌ ကျင်းပပြုလုပ်ခဲ့သည့် NLD ပါတီ၏ ဗဟိုကော်မတီ သတ္တမကြိမ်မြောက် အစည်းအဝေး၌ NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များသည် အစိုးရ၏ ဆောင်ရွက်ချက်များကို လူမှုကွန်ရက်၌ ဝေဖန်ခြင်း ရေးသားခြင်း ပြုလုပ်လျှင် အရေးယူသွားမည်ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များက ပြောဆိုခဲ့သည်။

J-07