News

POST TYPE

POPULAR POST

ရန်ဖြစ်နေသည့် စုံတွဲကို ဖျန်ဖြေသည့် ရဲသုံးဦး ထိုးကြိတ်ခံရ
01-Jul-2017 tagged as

ရန်ကုန်၊ ဇူလိုင် ၁ 

ကမာရွတ်မြို့နယ် ပြည်လမ်း၊ လှည်းတန်း ခုံးတံတားအောက်တွင် အချင်း များနေသော စုံတွဲကို သွားရောက် ဖျန်ဖြေနေသော ရဲတပ်ဖွဲ့ဝင် ၃ ဦး ထိုးကြိတ်ခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၂၉ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ လှည်းတန်း ခုံးတံတားအောက်၊ လျှပ်စစ် အရေးပေါ် ဌာနအနီးတွင် အမျိုးသမီး တစ်ဦးအား အမျိုးသားတစ်ဦးက ရိုက်နှက်နေကြောင်း သတင်းအရ လှည့်ကင်း မီးတန်း ဆလွန်းယာဉ်ဖြင့် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးဖျန်ဖြေရာမှ ထိုးကြိတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“ကောင်လေးနဲ့ ကောင်မလေးက သမီးရည်းစားတွေ၊ ကောင်လေးက သူ့ကောင်မလေးကို ရိုက်နှက်နေတာ။ ပတ်ဝန်းကျင်က တွေ့တော့ တိုင်းကို လှမ်းဆက်တယ်၊ အဲဒါနဲ့တိုင်းကနေ ညွှန်ကြားချက်နဲ့ သူတို့က သွားဖျန်ဖြေတာပါ၊ အဲဒီအချိန်မှာ ကောင်းလေးက ရဲကို ပြန်ထိုးလွတ်လိုက်တာ၊ ဒဏ်ရာ ဖူးရောင်ဒဏ်ရာလောက်ပါပဲ၊ ရဲကိုပြန်ထိုးတဲ့ ကောင်လေးက ဧရာဝတီဘဏ်မှာ လုံခြုံရေးဝန်ထမ်း လုပ်နေတာလို့ သိရတယ်၊ အခုတော့ သူ့ကိုဖမ်းဆီးထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။

၎င်း၏ ထိုးကြိတ် ရိုက်နှက်ခံရမှုကြောင့် ဒုရဲအုပ်တွင် ဘယ်နားပွန်းပဲ့သွေးထွက်၊ ညာလက်ခုံဖူးရောင်၊ ဘယ်လက် ဖျံနာ ကျင်ဒဏ်ရာနှင့် ရဲတပ်သားနှစ်ဦးတွင် ညာလက်ကောက် ပွန်းပဲ့ဒဏ်ရာ၊ ညာလက်ဖျံ ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ၎င်း၏ ရည်းစားဟုဆိုသော အမျိုးသမီးတွင် ညာမျက်လုံးအပေါ်ဖူး ရောင်ပွန်းပဲ့ဒဏ်ရာများ ရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ အသီးသီး တင်ပို့ကုသခဲ့ရကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် အမျိုးသမီး တစ်ဦးကို ထိုးကြိတ် ရိုက်နှက်သူမှာ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဝင်းလှိုင် (၁) လမ်းတွင်နေထိုင်သူ အသက် ၂၂ နှစ်အရွယ် ကိုသူရအောင်ဖြစ်ပြီး ကမာရွတ်မြို့မရဲစခန်း မှ (ပ) ၂၃၉/ ၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၂ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

J-16

  • TAGS