News

POST TYPE

POPULAR POST

ကိုယ့်ရဲ့လူမှုကွန်ရက် အကောင့်ကို လုံခြုံအောင် ဘယ်လိုထားမလဲ
27-Jun-2017
ဒီတစ်ပတ်မှာတော့ လူမှုကွန်ရက် အသုံးပြုသူတွေ အနေနဲ့ ကိုယ့်ရဲ့လူမှုကွန်ရက်အကောင့်ကို လုံခြုံအောင် ဘယ်လိုထားမလဲဆိုတဲ့ အကြံပြုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အများစုက ကိုယ့်ရဲ့ လူမှုကွန်ရက်အကောင့် လုံခြုံရေးကို သိပ်ပြီးဂရုမပြုကြပါဘူး။ ဒီလိုအမှတ်မဲ့ထားရာကနေ ကိုယ်ရေးအချက်အလက်တွေနဲ့ တစ်ကိုယ်ရေ အချက်အလက်တွေ လုံခြုံစေဖို့အတွက် ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ လျှို့ဝှက်နံပါတ်ကို သေသေချာချာ သတ်မှတ်ပါ။ တတ်နိုင်သလောက် ကိုယ်မှတ်မိနိုင်မယ့်အထိ ရှည်နိုင်မယ်ဆိုရင် ကောင်းပါတယ်။ စာလုံးတွေနဲ့ ဂဏန်းတွေ၊ Special Character တွေကို ရောနှောထည့်သွင်းထားသင့်ပါတယ်။

၂။ လူမှုကွန်ရက် အကောင့်တစ်ခုချင်းစီကို လျှို့ဝှက်နံပါတ် တစ်ခုစီထားပါ။

၃။ Security Question တွေကို ထည့်ထားပါ။ တော်တော်များများသော လူမှုကွန်ရက်အကောင့်တွေက ဒီလိုလုံခြုံရေးစနစ်ကို ထည့်ပေးထားပါတယ်။

၄။ ကိုယ့်ရဲ့ဖုန်းထဲမှာ လူမှုကွန်ရက်အကောင့်ကို ထည့်ထားပြီဆိုရင် ကျိန်းသေပေါက် ကိုယ့်ဖုန်းကို Password ပေးထားဖို့ လိုအပ်ပါတယ်။ ကိုယ့်ဖုန်းက အချိန်မရွေး ခိုးယူခံရတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ပျောက်သွားနိုင်တယ် မဟုတ်လား။

၅။ ကိုယ်နဲ့မသိတဲ့အကောင့်တွေ၊ ကိုယ်ရေးအချက်အလက်တွေကို မှန်မှန်ကန်ကန် မဖော်ပြထားတဲ့ အကောင့်တွေက သူငယ်ချင်းဖြစ်ဖို့ တောင်းဆိုမှု ပြုလာရင် လက်မခံပါနဲ့။

၆။ လင့်ခ်တွေကို နှိပ်ခိုင်းတယ်ဆိုရင် သေသေချာချာ ဂရုစိုက်ပါ။ ဘယ်သူတင်တဲ့ ပို့စ်လဲဆိုတာကို ဆန်းစစ်ပါ။ ကိုယ်သိတဲ့သူ ဒါမှမဟုတ်၊ ကိုယ်စိတ်ချရတဲ့ မီဒီယာတွေ၊ လူမှုကွန်ရက် စာမျက်နှာတွေက တင်တာမဟုတ်တဲ့ လင့်ခ်တွေကို မနှိပ်ပါနဲ့။

၇။ ကိုယ်ရေးအချက်အလက်တွေကို အမှန်တင်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့လည်း အိမ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဘဏ်အကောင့် စတာတွေကိုတော့ မတင်သင့်ပါဘူး။ 

၈။ ကိုယ့်ရဲ့ လူမှုကွန်ရက် အကောင့်ကနေတင်တဲ့စာတွေ၊ အကြောင်းအရာတွေကို ဘယ်သူတွေ မြင်နိုင်မလဲ၊ ဘယ်သူတွေက မျှဝေနိုင်သလဲ ဆိုတာကို ဂရုပြုပါ။ သေသေချာချာ စိစစ်ပါ။

၉။ ကိုယ်အသုံးပြုနေတဲ့ ကွန်ပျူတာကို Antivirus Software ထည့်သွင်းထားပါ။ လိုအပ်ရင် Update လုပ်ပါ။ 

၁၀။ ရုံးမှာဖြစ်စေ၊ အိမ်မှာဖြစ်စေ ကိုယ်အသုံးပြုတဲ့ဖုန်း၊ ကွန်ပျူတာတို့မှာ Password ထည့်မထားဘူးဆိုရင် အသုံးပြုပြီးတိုင်း ကိုယ့်ရဲ့လူမှုကွန်ရက်အကောင့်ကို မဖြစ်မနေ Log Out လုပ်ထားခဲ့ပါ။

ဒီအချက်တွေက လူမှုကွန်ရက် အသုံးပြုသူတွေအတွက် အတိုင်းအတာတစ်ခုအထိ လုံခြုံမှုကို ပေးနိုင်ပါလိမ့်မယ်။ လူမှုကွန်ရက် အသုံးပြုသူတွေအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။