News

POST TYPE

POPULAR POST

ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်နိုင်မည့်အချိန်

ယခုဆောင်းပါးတွင် ပါရှိသော ထင်မြင်ယူဆချက်များသည် မြန်မာ့အရေး လေ့လာသူ နာမည်ကျော် သတင်းစာဆရာ ဆောင်းပါးရှင် Bertil Lintner ၏ အာဘော်သာဖြစ်ပြီး The Voice ၏ အာဘော်မဟုတ်ပါကြောင်းနှင့် စာဖတ်သူများ အနေနှင့် မြန်မာ့အရေးနှင့် ပတ်သက်၍ ပညာရှင်များ၏  မတူညီသော ယူဆချက်များကို သိရှိစေရန်အလို့ငှာ ဘာသာပြန် ဖော်ပြခြင်းသာ ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။ (အယ်ဒီတာ)

Bertil Lintner ရေးသားပြီး NLM ဘာသာပြန်ဆိုသည်

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လိုလားသော လူထုခေါင်းဆောင် အာဏာရရှိလာပြီး တစ်နှစ်ကျော်လာသော အချိန်အထိ ထိပ်တန်း စစ်ဘက်အာဏာပိုင်များက နိုင်ငံရေးတိုက်ကွက်များ ဖော်နေဆဲပင် ဖြစ်သည်။

၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအုံကြွမှုကာလတွင် ဒီမိုကရေစီအရေး လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် စစ်ဘက်က နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ပြီးနောက် ရင်ဆိုင်ရမည့် ပြဿနာအရပ်ရပ်ကြောင့် သူမ ဦးဆောင်မည့် အနာဂတ်အစိုးရ အတွက် လွယ်ကူလိမ့်မည် မဟုတ်ကြောင်း နိုင်ငံခြားသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ဖူးသည်။

ပြည်သူများသည် သူမ၏ ရွေးချယ်တင်မြှောက်ခံ အစိုးရကို ထုတ်ဖော်ဝေဖန်လာကြမည် ဖြစ်ပြီး အလွန်ခက်ခဲသောကာလကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူမက ထိုအချိန်က ခန့်မှန်းခဲ့သည်။

နှစ်ပေါင်းသုံးဆယ်နီးပါး ကြာခဲ့ပြီးနောက် နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရရှိလာပြီး တစ်နှစ်ခန့်အကြာတွင် သူမ ခန့်မှန်းခဲ့သည်ထက် ပိုများသော ပြဿနာများကို ရင်ဆိုင်နေရသည်။ သူမသည် ယခုအခါ စီးပွားရေး နှေးကွေးမှုမှသည် အစိုးရ ပါဝင်ပတ်သက်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအထိ ကျယ်ပြန့်စုံလင်သော ပြဿနာများစွာအတွက် ပြည်တွင်းနှင့် ပြည်ပ၏ ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်မှုများကို ခံနေရသည်။

ယခင်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်သည် ယခုအခါ နိုင်ငံခေါင်းဆောင်အဖြစ် အလွန်ခက်ခဲသော ကာလကို ရင်ဆိုင်နေရသည့်အချက်မှာ သံသယရှိစရာ မလိုပေ။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ကာ ဦးစားပေး ဆောင်ရွက်နေသော်လည်း ဒေသမျိုးစုံတွင် ပဋိပက္ခများ မြင့်တက်နေမှုကြောင့် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းခြင်းထက် စစ်ပွဲက ပိုများနေသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအကြား တိုက်ပွဲများ ပိုမိုဖြစ်ပွားလာမှုကြောင့် ဒေသခံပြည်သူ ၁၀၀,၀၀၀ ကျော်မှာ စစ်ဘေးတိမ်းရှောင် ထွက်ပြေးကာ ဖြစ်ကတတ်ဆန်း ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည်။

ထို့အပြင် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ မွတ်ဆလင် အသိုင်းအဝိုင်းများအပေါ် လုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်မှုများနှင့် လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း သက်သေအထောက်အထား စုံလင်စွာဖြင့်  စွပ်စွဲမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စများကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင်ဝေဖန်မှုများကိုလည်း ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည်။ ထိုစွပ်စွဲချက်များအပေါ် သူမ၏ တုံ့ပြန်ပုံကြောင့် သူမသည် လူ့အခွင့်အရေး မြှင့်တင်ရေးထက် တပ်မတော်နှင့် ဆက်ဆံရေး သဟဇာတဖြစ်ရေးကို ဦးစားပေးနေသည်ဟူသော ယူဆမှုများကို ဖြစ်ပေါ်လာစေသည်။

ထိုအတောအတွင်း ရွေးကောက်ပွဲအလွန် စီးပွားရေး ဖွံွ့ဖြိုးရန် မျှော်လင့်ခဲ့ကြသော်လည်း စီးပွားရေး နှေးကွေးကာ သူမ အာဏာရလာပြီး နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းသွားခဲ့သည်။ မီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်၍လည်း ယခင်အစိုးရလက်ထက်က ဖြေလျှော့ပေးခဲ့သော်လည်း ယခုအခါ NLD အကြီးတန်း ခေါင်းဆောင်များနှင့် တပ်မတော်ကို ပြစ်တင်ရှုတ်ချသည့် မှတ်ချက်ပေးမှုကြောင့် သတင်းစာသမားများ ထောင်ချခံရခြင်းနှင့်အတူ နောက်တစ်ကြိမ် ဖိနှိပ်ခံနေရပြီ ဖြစ်သည်။

အမျိုးသားအဆင့် စိန်ခေါ်မှု အန္တရာယ်များ တိုးပွားလာမှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ကို ကိုင်တွယ်ရန်၊ ဒီမိုကရေစီ အစီအစဉ်များ ပိုမိုချမှတ်ရန် အာဏာ မည်မျှရရှိထားသနည်း ဟူသော မေးခွန်းများ ကျန်ရှိနေဆဲပင် ဖြစ်သည်။

ယခင် တပ်မတော် အကြီးအကဲလက်ထက်က စိတ်တိုင်းကျ ရေးဆွဲကာ အတည်ပြုခဲ့သည့် ၂၀၀၈ အခြေခံဥပဒေသည် လွှတ်တော်အရပ်ရပ်တွင် တပ်မတော် အစုအဖွဲ့က ၂၅ ရာခိုင်နှုန်း သီးသန့်နေရာယူခြင်းအားဖြင့် နိုင်ငံရေးတွင် တပ်မတော်က ဆက်လက် ပါဝင်ပတ်သက်ရန်နှင့် အာဏာအချို့ကို ဆက်လက်ဆုပ်ကိုင်ထားရန် အာမခံချက် ပေးထားသည်။ ထို့အပြင် စစ်တပ်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) ထံမှ အမိန့်ကိုသာ နာခံရန် အခွင့်ပေးထားသည်။

“ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ရဲ့ ချိုးဖောက်မှု၊ ကျူးလွန်မှု အပြစ်တွေကို မမျှမတ ဒဏ်ခံပေးနေရတာပါ” ဟု မြန်မာ့နိုင်ငံရေးကို အနီးကပ် စောင့်ကြည့်နေသော ဘန်ကောက်အခြေစိုက် နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောကြားသည်။ 

“အကြာကြီး စောင့်မျှော်ခဲ့ရတဲ့ ဒီမိုကရေစီ ရရှိရေး မဟာဗျူဟာကတော့ လမ်းကြောင်းပေါ် ရောက်နေပါပြီ။ ဒါပေမဲ့ အရင်လို ပြန်မဖြစ်နိုင်တော့တဲ့ အတိုင်းအတာအထိ သူမ ပါးနပ်လိမ္မာနေသလား မသိဘူး” ဟု ၎င်းက ဆိုသည်။

လာမည့် ရွေးကောက်ပွဲကျင်းပမည့် ၂၀၂၀ တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၇၅ နှစ်အရွယ် ရှိမည်ဖြစ်ပြီး NLD ပါတီကို လက်လွှဲဆက်ခံနိုင်မည့် မျိုးဆက်သစ် ခေါင်းဆောင်များ ပေါက်ဖွားနေခြင်း မရှိသေးပါ။ ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် ရှုံးနိမ့်မှု မတိုင်မီ တိုင်းပြည်ကို အရပ်သားတစ်ပိုင်း အစိုးရဖြင့် အုပ်ချုပ်သွားခဲ့သော တပ်မတော်နောက်ခံ ပြည်ခိုင်ဖြိုးပါတီ USDP သည်လည်း လာမည့် ရွေးကောက်ပွဲတွင် အင်အားအပြည့်ဖြင့် ပြန်လာနိုင်ရန် မဖြစ်နိုင်သေးပေ။

“ဒါပေမဲ့ မရှေးမနှောင်း အနာဂတ်မှာ တပ်မတော်ကို အာဏာဆက်လက်ထိန်းချုပ်ခွင့် ရနေစေဦးမယ့် တခြားဖြစ်နိုင်ခြေတွေ ရှိနေပါတယ်” ဟု ဘန်ကောက်မှ နိုင်ငံရေးအကဲခတ်က ပြောကြားသည်။

ပြည်တွင်းနှင့် နိုင်ငံတကာမှ လူအများစုသည် ဒီမိုကရေစီစနစ် ထွန်းကားရေး မြှင့်တင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ လှုပ်ရှားမှု ပျောက်နေခြင်းကို အားမလိုအားမရ ဖြစ်နေကြသည်။ “နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် အနေနဲ့ အမှန်တကယ် ပြောင်းလဲနိုင်မယ့် အခွင့်အရေးကို ရနေပါပြီ။ ဒီအခွင့်အရေးကို အတိမ်းအစောင်း မခံနိုင်ပါဘူး” ဟု ပြောကြားခဲ့ဖူးသော ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီက စိတ်လှုပ်ရှားဖွယ် မိန့်ခွန်းများနှင့် မတူတော့ဘဲ ဒေါ်အောင်ဆန်းစုကြည် လေသံပြောင်းလာသည်ကို သတိပြုမိလာကြသည်။

သို့သော် အဆိုပါ အခွင့်အလမ်း ပြတင်းပေါက်သည် မြန်မြန်ဆန်ဆန် ပိတ်နေသည်ဟု ဆိုနိုင်သည်။  ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်၏ အာဏာချိန်ခွင်လျှာကို ထိန်းရန် ကြိုးစားသည့် အနေနှင့် စစ်မှုထမ်းဟောင်း သံအမတ်ကြီး ဦးသောင်းထွန်းကို အစိုးရ၏ ကာကွယ်ရေးဆိုင်ရာ အကြံပေးအဖြစ် ဇန်နဝါရီလက ခန့်အပ်ခဲ့သည်။ ထိုသို့ ခန့်အပ်မှုကို ယခင်အရပ်သားတစ်ပိုင်း အစိုးရလက်ထက်က ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကပင် ထုတ်ဖော်ဝေဖန်ခဲ့သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် စင်ကာပူတူဒေး သတင်းစာဆောင်းပါးတွင် ဦးရဲထွဋ်က “ဦးသောင်းထွန်းအား ခန့်အပ်မှုသည် စွန့်စွန့်စားစား လောင်းကြေးထပ်မှု ဖြစ်ကြောင်း၊ ပြည်တွင်းလုံခြုံရေးသည် တပ်မတော်၏ အခြေခံလုပ်ငန်းဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်က အစိုးရအတွက် ကာကွယ်ရေးမူဝါဒ အကြံပေးအဖြစ် ဆောင်ရွက်ရသည့် အစီအစဉ်ကို အတိတ်က ဦးနုအစိုးရနှင့် ဦးသိန်းစိန် အစိုးရတို့လည်း လေးစားလိုက်နာခဲ့ကြကြောင်း” ထောက်ပြဝေဖန်ခဲ့သည်။

ယခင်တပ်မတော် အစိုးရလက်ထက်က ဝန်ကြီးချုပ် တာဝန်ယူခဲ့ဖူးသော ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ဖြစ်ပြီး ၂၀၁၅ မတိုင်မီ အရပ်သားတစ်ပိုင်း အစိုးရကို ဖွဲ့စည်းဦးဆောင်ခဲ့ရသူ ဦးသိန်းစိန်၏ အရပ်ဘက်အစိုးရ အမည်ခံမှုကို အများစုက သံသယ ရှိကြသော်လည်း ဦးနုမှာမူ ၁၉၄၈-၅၆၊ ၁၉၅၇-၅၈၊ ၁၉၆၀-၆၂ ကာလများတွင် တပ်မတော်ထံမှ မည်သည့်ညွှန်ကြားမှုကိုမှ လက်ခံရန် မလိုအပ်သည့် အရပ်ဘက်အစိုးရ စစ်စစ်ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

အမှန်တကယ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ၁၉၄၇ အခြေခံဥပဒေတွင် ‘ကြည်းတပ်၊ ရေတပ်၊ လေတပ်များအား တိုးချဲ့ပိုင်ခွင့်နှင့် ဖွဲ့စည်းပိုင်ခွင့်ကို လွှတ်တော်သို့ သီးသန့်အပ်နှင်းသည်။ လွှတ်တော်၏ သဘောတူခွင့်ပြုချက်ဖြင့် နိုင်ငံတော်က လုံခြုံရေးတပ်များ တိုးချဲ့ခြင်းနှင့် ဖွဲ့စည်းခြင်းမှလွဲလျှင် အခြားမည်သည့် ရည်ရွယ်ချက်ဖြင့်မဆို တိုးချဲ့ခြင်း၊ ဖွဲ့စည်းခြင်း မပြုရ’ ဟု ရှင်းလင်းစွာ ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အရပ်ဘက်အစိုးရ အဆုံးသတ်သွားကာ ရက်စက်ကြမ်းကြုပ်သော နှစ်ပေါင်းများစွာ စစ်ဘက်အုပ်ချုပ်မှုကို ဖြစ်ပေါ်စေခဲ့သည့် ဦးနု၏ အကြီးမားဆုံးအမှားမှာ တိုင်းပြည်နိုင်ငံတစ်ခုအတွင်း လှေကြီးပေါ် လှေငယ်ဆင့်သည့်ပုံစံ ဖြစ်မလာအောင် (နောက်ဆုံးတွင် တိုင်းပြည်၏ ပထမဆုံးနှင့် တစ်ခုတည်းသော ဒီမိုကရေစီ အခြေခံဥပဒေ ဖျက်သိမ်းခံရသည့် ၁၉၆၂ စစ်တပ်အာဏာသိမ်းမှုကို ဦးတည်ခဲ့သည့်) စစ်တပ်ကို တားဆီးရန် ၎င်း၏ အခြေခံဥပဒေ ခွင့်ပြုချက်ရ အာဏာကို အသုံးပြုရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။

တပ်မတော်က အာဏာ ဆက်လက်ဆုပ်ကိုင်နေမှုနှင့် ပတ်သက်၍ စဉ်းစားရာတွင် နောက်တစ်ကြိမ်  အာဏာသိမ်းခြင်းသည် အနောက်အုပ်စု၏ စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ဖြစ်ပေါ်စေနိုင်သည်ဟု ထိပ်တန်းစစ်ဘက်အာဏာပိုင်များက စိုးရိမ်ကြသောအချက် ရှိနေသောကြောင့် ဦးနုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဖယ်ရှားခံရမည်ဟု ယုံကြည်သူ အနည်းငယ်သာ ရှိသည်။ ဦးသိန်းစိန်နှင့် ပြည်ခိုင်ဖြိုး အစိုးရကို အာဏာရရှိစေခဲ့သော ၂၀၁၀ ရွေးကောက်ပွဲများသည် (General Election) အထွေထွေရွေးကောက်ပွဲ မဟုတ်ဘဲ (Generals Election) ဗိုလ်ချုပ်များ၏ ရွေးကောက်ပွဲဟု ထိုအချိန်က လှောင်ပြောင်သရော်ခြင်း ခံခဲ့ရသည်။

အဆိုပါ ရှက်ဖွယ်လိလိ ရွေးကောက်ပွဲအတုကို NLD ပါတီက သပိတ်မှောက်ခဲ့သည်။ သို့ရာတွင် NLD ပါတီ သောင်ပြိုကမ်းပြို အနိုင်ရပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှု ဖြစ်ပေါ်စေခဲ့သော ၂၀၁၅ ရွေးကောက်ပွဲများသည်လည်း ဗိုလ်ချုပ်များ ရွေးကောက်ပွဲ ဖြစ်ခဲ့သလားဟူသော သံသယမေးခွန်း ယခုအခါ  ထွက်ပေါ်လာသည်။ သို့သော် ယခင်ကထက် များစွာ ဒီမိုကရေစီနည်းကျ ဖြစ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးစားသည့် အနေနှင့် မြန်မာနိုင်ငံ၏ စစ်ဘက်လွှမ်းမိုးသော အာဏာတည်ဆောက်မှုပုံစံကို ပြောင်းလဲပစ်ရန် စိတ်ဝင်စားမှုကို ယခုအချိန်အထိ အနည်းငယ်သာ ပြသထားသည်။ ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် ရရှိနေဆဲဖြစ်သော ကြီးမားသည့် လူထုထောက်ခံမှုနှင့် နိုင်ငံတကာ အသိအမှတ်ပြုမှု အချက်များကြောင့် တပ်မတော်၏ နိုင်ငံရေးအာဏာ ချုပ်ကိုင်မှုကို သူမကပင် စိန်ခေါ်နိုင်ခြင်း မရှိပါက နောင်တွင် မည်သူက စိန်ခေါ်နိုင်ပါ့မလဲ ဆိုသည်ကို မြန်မာနိုင်ငံမှ လူများစွာက စိတ်ဝင်စားနေကြသည်။

ထို့ကြောင့် ယခုမြင့်တက်လာနေသော စိုးရိမ်စရာအချက်မှာ ၂၀၂၀ ရွေးကောက်ပွဲများအလွန် ဒေါ်အောင်ဆန်းစုကြည် အသက်အရွယ် ကြီးရင့်လာပြီး နိုင်ငံရေးမြင်ကွင်းမှ အနားယူ မှေးမှိန်သွားမည့် အချိန်သို့ ရောက်လာလျှင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ ကကြိုးတန်ဆာ ဟန်ပြဆင်ထားသော စစ်ဘက်အုပ်ချုပ်သည့် နိုင်ငံအဖြစ် ယခင်အတိုင်း ပြန်ဖြစ်လာမည့် ဘေးအန္တရာယ်ပင် ဖြစ်သည်။   

Ref: When will Suu Kyi challenge the military၊ Asian Times