News

POST TYPE

POPULAR POST

အစိုးရ၏ ဘတ်ဂျက်နှင့်ပတ်သက်၍ စစ်တမ်းကောက်မည်
20-Jun-2017

ရန်ကုန်၊ ဇွန် ၁၉

နိုင်ငံသားတစ်ဦးအနေနှင့် နှစ်စဉ် နိုင်ငံတော်အစိုးရ၏ အရ၊ အသုံးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နားလည်မှု ရှိ၊ မရှိ သိရှိရန် စစ်တမ်းကောက်ယူမှုကို ယခုနှစ် ဇွန်လမှစ၍ အသိပညာပေးခြင်းနှင့်အတူ ဆောင်ရွက်လျက်ရှိကြောင်း စစ်တမ်းကောက်ယူရေးအဖွဲ့ဖြစ်သည့် New Myanmar Foundation ထံမှ သိရသည်။

“အသိပညာပေးပြီးမှ လူထုအသံ ယူမှာပါ။ အခွန်ဆိုရင် လူတွေက ဘယ်လို သဘောထားလဲ။ ဆောင်နိုင်လား၊ ဆောင်ချင်လားဆိုတာပါ စစ်တမ်းမှာပါမယ်။ အဓိက လူထုကို သတင်း အချက်လက်ပေးတာပါ”ဟု New Myanmar Foundation အမှုဆောင်ညွှန်ကြားရေးမှူး ဒေါ်မြနန္ဒာ က ဆိုသည်။

အဆိုပါအစီအစဉ်ကို New Myanmar Foundation နှင့် Myanmar Capacity Development Institute (MCDI) တို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတော် အစိုးရ၏ နှစ်စဉ် သုံးစွဲနေသည့် အသုံးစရိတ်များ သိရှိရန် နိုင်ငံသားဘတ်ဂျက် (Citizen's Budget)၊ ရသုံးမှန်းခြေ ငွေစာရင်း၊ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ၊ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၏ ရသုံးငွေများ၊ ၂၀၁၇-၂၀၁၈ ခုနှစ် အမျိုးသား စီမံကိန်းဥပဒေ၊ ပြည်ထောင်စု အခွန်အကောက် ဥပဒေ၊ ဘတ်ဂျက်ဥပဒေ၊ စီမံကိန်းဥပဒေများကို အသိပညာပေးလျက် ရှိသည်။

ပြည်နယ်နှင့်တိုင်းအလိုက် လူထုအခြေခံသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်ချိတ်ဆက်ပြီး ဘတ်ဂျက်ဥပဒေနှင့်ပတ်သက်၍ သတင်းအချက်လက်၊ အသိပညာပေးသည့် ဟောပြောပွဲများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါ်မြနန္ဒာက ပြောကြားသည်။ 

“ဒီနှစ်ကောက်တဲ့ စစ်တမ်းကို နောက်နှစ် လွှတ်တော်မှာ တင်ပြမယ်။ ဒီကြားထဲ ပြည်သူလူထုက တောင်းဆိုတာ ရှိရင်လည်း တင်ပြမယ်။ ဘတ်ဂျက်ဆိုတာ လူထုနဲ့ အများကြီး သက်ဆိုင်တယ်။ ဒါကြောင့် လူထုက အချက်အလက်ရဖို့ လိုတယ်။ အချိန်ယူပြီး အသိပညာပေးမယ်”ဟု ၎င်းက ဆိုသည်။

စစ်တမ်း ကောက်ယူပြီးနောက်ပိုင်းတွင် လူထုကိုယ်တိုင် ပါဝင်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် လေ့လာချက်အရ လူ ၁၀ဝ လျှင် ၈၀ မှာ ပြည်ထောင်စု ဘတ်ဂျက်နှင့် ပတ်သက်၍ မသိကြောင်း New Myanmar Foundation ထံမှ သိရသည်။

အဆိုပါအဖွဲ့နှစ်ခုသည် ပြည်သူလူထု သိရှိရန် လိုအပ်သည့် သတင်းအချက်ပေးခြင်း၊ ဗဟုသုတ မျှဝေခြင်းကို ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀ဝ၈ ခုနှစ်တွင် ရွေးကောက်ပွဲနှင့် သက်ဆိုင်ရာ ပညာပေးခြင်း၊ စစ်တမ်း ကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း Myanmar Capacity Development Institute(MCDI) ထံမှ သိရသည်။

J-06

  • VIA