News

POST TYPE

POPULAR POST

လန်ဒန်တွင် ဗလီမှထွက်လာသောဝတ်ပြုသူများကို လူတစ်ဦးက ကားဖြင့်ဝင်တိုက်၊ တစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ
20-Jun-2017


လန်ဒန်၊ ဇွန် ၁၉

လန်ဒန်အနောက်ပိုင်းရှိ ဗလီတစ်ခုမှ ထွက်လာသော ဝတ်ပြုသူများကို လူတစ်ဦးက ဗင်ကားဖြင့် ဝင်တိုက်ခဲ့ခြင်းကြောင့် တစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။

ဖင်စ်းဘာရီပါ့ခ်အနီးရှိ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် လူရှစ်ဦးကို ဆေးရုံပို့ပေးခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

သန်းခေါင်ကျော်ချိန်တွင် ဝါဖြေပြီး ထွက်လာသည့် အစ္စလာမ်ဘာသာဝင်များကို ကားဖြင့် ဝင်တိုက်မှုဖြင့် သံသယရှိသူ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားသည်။

တိုက်ခိုက်ခံရသူအားလုံးမှာ မွတ်ဆလင်များဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

ကားမောင်းလာသူသည် မွတ်ဆလင် အားလုံးကို သတ်ချင်သည်ဟု ပြောကြားခဲ့ကြောင်း မျက်မြင်သက်သေ အဗ္ဗဒူလ်ရာမန်က ပြောကြားခဲ့သည်။ ရာမန်သည် အဆိုပါ အမျိုးသားကို ဖမ်းဆီးနိုင်ရန် ကူညီပေးခဲ့သူဖြစ်သည်။

လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ယခုတိုက်ခိုက်မှုကို အကြမ်းဖက်မှုဟု သုံးနှုန်းခဲ့သော်လည်း သေဆုံးသူမှာ ကားဖြင့်တိုက်မိခြင်းကြောင့် ဟုတ်၊ မဟုတ်ကို အတည်မပြုခဲ့ပေ။ သေဆုံးသူမှာ ကားက ပလက်ဖောင်းပေါ် ဝင်မတိုက်မီကတည်းက လဲကျနေခဲ့ခြင်းဖြစ်သည်။ ထိုသူကို အခြားသူများက ရှေးဦးသူနာပြုနည်းဖြင့် ကုသပေးနေပြီး အနားတွင် ဝိုင်းအုံနေစဉ် ဗင်ကားက ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ဆေးရုံတွင် ကုသမှုခံယူနေသူ အများစုမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည်ဟု သိရသည်။ အဖမ်းခံရသူသည် စိတ်ပိုင်းဆိုင်ရာ ကုသမှုခံယူနေသူ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အစောပိုင်းတွင် ထုတ်ပြန်ထားသည်။

ရဲတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားပြီး အထူးသဖြင့် ရာမာဒန်ဥပုသ်လ ဝတ်ပြုနေသူများအတွက် လုံခြုံရေး တိုးပေးထားကြောင်း လန်ဒန်မြို့တော်ဝန်လည်းဖြစ် မွတ်ဆလင်တစ်ဦးလည်းဖြစ်သူ ဆာဒစ်ခန်က ပြောကြားသည်။

“ဒါဟာ အသိုင်းအဝိုင်း တစ်ခုအပေါ် တိုက်ခိုက်မှု ဖြစ်ပုံရပါတယ်။ မန်ချက်စတာ၊ ဝက်စ်မင်စတာ၊ လန်ဒန်တံတားတို့မှာ ဖြစ်ခဲ့တဲ့ ကြောက်စရာ တိုက်ခိုက်မှုတွေ လိုပါပဲ၊ ကျွန်တော်တို့ အားလုံး မျှဝေလက်ခံထားတဲ့ မတူကွဲပြားမှုကို သည်းခံမှု၊ လွတ်လပ်မှုနှင့် အပြန်အလှန် လေးစားမှုအပေါ် တိုက်ခိုက်မှု ဖြစ်ပါတယ်”ဟု မြို့တော်ဝန် ခန်က ပြောကြားသည်။

“အဲဒီလူက ကားထဲက ထွက်ပြီး “ငါမွတ်ဆလင်တွေကို သတ်မယ်၊ ငါ မွတ်ဆလင်တွေကို သတ်မယ်လို့” ပြောပြီး ထွက်ပြေးတာပါ။ ကျွန်တော်သူ့ဗိုက်ကို ထိုးထဲ့လိုက်တာ။ ကျွန်တော်နဲ့ တစ်ခြား လူတွေ ဒီလူ မလှုပ်နိုင်အောင် ဖမ်းထားခဲ့တာ။ ရဲမလာခင်အထိ ကျွန်တော်တို့ ဖမ်းထားခဲ့တာပါ”ဟု ရာမန်က ပြောကြားခဲ့သည်။

အခြားမျက်မြင်သက်သေတစ်ဦးဖြစ်သူ အဗ္ဗဒူလ်ဆိုသူကလည်း အဖမ်းခံထားရပြီးနောက် ထိုသူက “ငါ့ကို သတ်လိုက်၊ ငါ့တာဝန်ကျေပြီ”ဟု အော်ဟစ်နေကြောင်း BBC သို့ ပြောကြားခဲ့သည်။

ဗြိတိန် မွတ်ဆလင်ကောင်စီ အတွင်းရေးမှူးချုပ် ဟာရူခန်က “ပြီးခဲ့တဲ့ လပိုင်း၊ ရက်ပိုင်းတွေထဲမှာ မွတ်ဆလင်တွေဟာ အစ္စလာမ် မုန်းတီးမှုကြောင့် ဖြစ်လာတဲ့ ဖြစ်စဉ်တွေ အများအပြားနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒီဖြစ်စဉ်ကတော့ လတ်တလောမှာ အပြင်းထန်ဆုံးနဲ့ အဆိုးရွားဆုံးပါပဲ။ ဗလီတွေ အပြင်ဘက်မှာ လျင်လျင်မြန်မြန် လုံခြုံရေး တိုးပေးဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ထရီဇာမေသည် အရေးပေါ် ကော်ဘရာ ကော်မတီအစည်းအဝေး ထိုင်ခဲ့ပြီးနောက် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ဆိုးရွားသည့်ဖြစ်စဉ်ဟု  မေက မှတ်ချက်ပေးခဲ့ပြီး “ထိခိုက်ဒဏ်ရာရသူတွေ၊ သူတို့ရဲ့ချစ်ရတဲ့သူတွေ၊ အခင်းဖြစ်နေရာက အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်သူတွေ အားလုံးနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲမိပါတယ်”ဟု ထုတ်ပြန်ခဲ့သည်။

ယခုဖြစ်စဉ်မှာ ဗြိတိန်တွင် လေးလအတွင်း လေးခုဖြစ်မြောက် အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်သည်။ ရှေ့ဖြစ်စဉ် သုံးခုမှာ မွတ်ဆလင် အစွန်းရောက် အကြမ်းဖက်သမားများက တိုက်ခိုက်ခြင်းဖြစ်ပြီး  ယခု နောက်ဆုံးဖြစ်စဉ်မှာ မွတ်ဆလင်များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်။

ဗင်ကားဖြင့်လိုက်တိုက်သည့် ယာဉ်မောင်းသည် ဓားကိုင်ထားသည်ဟု သတင်းများ ထွက်ခဲ့သော်လည်း ဓားဒဏ်ရာရသူ တစ်ဦးမျှ မတွေ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

F-03

  • VIA