News

POST TYPE

POPULAR POST

ရတနာပုံတက္ကသိုလ် လိုင်းကားစတင်ပြေးဆွဲ
20-Jun-2017


မန္တလေး၊ ဇွန် ၁၉

ရတနာပုံတက္ကသိုလ် ကျောင်းသားများ သွားလာရေး အဆင်ပြေနိုင်စေရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် မှန်လုံယာဉ်ငယ် (မီနီဘတ်စ်) သုံးစီးဖြင့် ဇွန်လ ၁၉ ရက်နေ့က စတင်ပြေးဆွဲကြောင်း ယင်းတက္ကသိုလ် ယာဉ်လိုင်းပြေးဆွဲရေး ကော်မတီထံမှ သိရသည်။

“မန္တလေးက ကျောင်းသား ကျောင်းသူတွေ ဆိုင်ကယ်တွေနဲ့ပဲ သွားလာနေရတာဆိုတော့ အန္တရာယ်များတယ်။ ယာဉ်လိုင်းဆွဲနိုင်ဖို့ လုပ်နေတဲ့အချိန်မှာပဲ အစိုးရအဖွဲ့က ကားသုံးစီး ချပေးလိုက်တာ။ ထပ်ပြီးတော့ လိုဦးမှာပါ။ ကျွန်တော်တို့ ဖြစ်အောင်လုပ်မယ်လို့ ရည်မှန်းထားတယ်။ အခုရတဲ့သုံးစီးနဲ့ စမ်းသပ် ပြေးဆွဲပါမယ်”ဟု ရတနာပုံ တက္ကသိုလ် ယာဉ်လိုင်းပြေးဆွဲရေး ကော်မတီဥက္ကဋ္ဌ ဦးသုတက ပြောကြားသည်။

လက်ရှိတွင် အဆိုပါ ယာဉ်သုံးစီးဖြင့် မန္တလေးတက္ကသိုလ်မှ ရတနာပုံတက္ကသိုလ်အထိ ပြေးဆွဲမည်ဖြစ်ကာ နံနက် ၇ နာရီ၊ ၇ နာရီ ၃၀ မိနစ်နှင့် ၈ နာရီတို့တွင် တစ်စီး စီထွက်ခွာမည်ဖြစ်ကြောင်း၊ ညနေပိုင်း ကျောင်းဆင်းချိန်တွင် ရတနာပုံတက္ကသိုလ်ရှေ့မှ မန္တလေးတက္ကသိုလ်အထိ နာရီဝက်ခြား တစ်စီးနှုန်း ထွက်ခွာမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

မန္တလေး တိုင်းအစိုးရအဖွဲ့က လွှဲပြောင်းပေးခဲ့သည့်ယာဉ်များမှာ ၂၄ ယောက်ဆံ့ မီနီဘတ်စ်များဖြစ်ပြီး ခရီးစဉ်တစ်ခေါက်လျှင် ၃၀ဝ ကျပ်နှုန်း သတ်မှတ်ထားကြောင်း ယင်းကော်မတီထံမှ သိရသည်။

“ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် သွားမယ်ဆိုရင် အသွားအပြန်အတွက် ဆီဖိုးတစ်ထောင်လောက် ကုန်မယ်။ ကျောင်းရောက်ရင်လည်း ဆိုင်ကယ်ထားပြီး ကျောင်းတက်ရတာဆိုတော့ ပျောက်မှာ စိုးရိမ်ရတယ်။ လမ်းမှာ ယာဉ်တိုက်မှု ဖြစ်မှာလည်း ရှိတယ်။ လိုင်းကား ဆွဲပေးမယ်ဆိုတော့ လမ်းစရိတ် သက်သာမယ်။ လူပင်ပန်းတာ သက်သာသွားမယ်။ ဆိုင်ကယ်နဲ့ကတော့ ကိုယ်သွားချင်ရာ ကောက်ကာငင်ကာ ထ သွားလို့တော့ ရတာပေါ့ဗျာ။ လိုင်းကားနဲ့ဆိုရင် အဲ့ဒါတစ်ခုတော့ ဆုံးရှုံးသွားမယ် ထင်တယ်”ဟု ရတနာပုံတက္ကသိုလ် အင်္ဂလိပ်စာ အထူးပြု နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးက ပြောကြားသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက် ယာဉ်လိုင်းပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အစိုးရအဖွဲ့က ချပေးသည့်  ယာဉ်သုံးစီးနှင့် မလုံလောက်သည့်အတွက် ထပ်မံ တိုးချဲ့သွားနိုင်ရန် လုပ်ဆောင်မည့်အပြင် လိုင်းကားပြေးဆွဲရေး စိတ်ဝင်စားသည့် လုပ်ငန်းရှင်များ ရှိပါကလည်း စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ အလှူရှင်ရှိပါကလည်း လက်ခံမည်ဖြစ်ကြောင်း ဦးသုတက ထပ်လောင်း ပြောကြားသည်။

ယာဉ်အလှူရှင်များ၊ ယာဉ်လိုင်း လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်မှုကြောင့် ယာဉ်လိုင်းတိုးချဲ့နိုင်ခဲ့ပါက မန္တလေး၊ ဈေးချိုတော်၊ ပုသိမ်ကြီးမြို့နယ် အစရှိသည့် နေရာများတွင် မှတ်တိုင်သတ်မှတ်ကာ တိုးချဲ့ ပြေးဆွဲမည်ဖြစ်ကြောင်းလည်း ရတနာပုံတက္ကသိုလ် ယာဉ်လိုင်းပြေးဆွဲရေး ကော်မတီထံမှ ထပ်မံသိရသည်။

အဆိုပါ ယာဉ်သုံးစီးကို အောင်မြင်သူကုမ္ပဏီက မန္တလး တိုင်းအစိုးရအဖွဲ့သို့ လှူဒါန်းထားခြင်းဖြစ်ရာ ရတနာပုံ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ  သွားလာရေးအတွက် ယင်းတက္ကသိုလ် ယာဉ်လိုင်းပြေးဆွဲရေး ကော်မတီထံ ပြန်လည် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။ 

M-04

  • VIA