News

POST TYPE

POPULAR POST

မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများ ပြန်ဖွင့်ပေးရန် တရုတ်အစိုးရနှင့် ညှိနှိုင်းမည်
20-Jun-2017
ရန်ကုန်၊ ဇွန် ၁၉

မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာကုန်သည်များ အသုံးပြုနေသည့် ဘဏ်စာရင်း ၁၀ဝ၀ ကျော်ကို တရုတ်ဘက်က ပိတ်ပင်လိုက်သည့်အတွက် ယင်းအကောင့်များ ပြန်ဖွင့်ပေးရန် တရုတ်အစိုးရနှင့် အစိုးရချင်း ညှိနှိုင်းသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင်မူ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံရုံးများနှင့် တရုတ် ကောင်စစ်ဝန်များထံသို့ တရားဝင်စာများ ပေးပို့၍ တောင်းဆိုထားကြောင်း၊ အချို့သော အခြေအနေများကြောင့် အကောင့်များ ပိတ်ထားခြင်းဖြစ်ပြီး ပြန်လည်ဖွင့်ပေးရန် တရုတ်အစိုးရက စီစဉ်နေကြောင်း ၎င်းကဆိုသည်။

“ဖြစ်ဖြစ်ချင်းနေ့ကတည်းက ဝန်ကြီးဌာနက ချက်ချင်းသူတို့ဘက်ကို အကြောင်းကြားထားပါတယ်။ ရွှေလီဘက်မှာ အပိတ်ခံရတဲ့ အကောင့် ၁၃၀ ကျော်ဆိုရင် အွန်လိုင်းက တရားမဝင် လောင်းကစား လုပ်တဲ့သူတွေနဲ့ ပတ်သက်နေတာတွေ ရှိတယ်လို့ ပြောတယ်။ သူတို့ လောင်းကစားလုပ်ချင်မှ လုပ်မှာ။ ဝန်ဆောင်မှုပေးတာလည်း ဖြစ်နိုင်တယ်။ ဒါတွေကိုစစ်ဆေးပြီး အမှန်တကယ် ကုန်သွယ်နေတဲ့လူတွေရဲ့ အကောင့်တွေပြန်ရအောင် လုပ်ပေးမှာပါ”ဟု ၎င်းက ရှင်းပြသည်။

တရုတ်နိုင်ငံဘက်တွင် အွန်လိုင်းမှ တရားမဝင် လောင်းကစားလုပ်နေသည့် အကောင့်ပေါင်း ၅၀ဝ၀ ကျော်ကို ပိတ်သိမ်းရာမှ မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များလည်း ပါဝင်သွားခြင်းဖြစကြောင်း၊ ယင်းကဲ့သို့ ဘဏ်အကောင့် ပိတ်သိမ်းသည့်အခါ အခက်အခဲ မဖြစ်စေရန် မူဆယ်တွင် တရားဝင် ယွမ်အကောင့်ဖွင့်ရန် ဗဟိုဘဏ်က စီစဉ်နေကြောင်း ဦးရန်နိုင်ထွန်းက ပြောကြားသည်။

“တရုတ်က အရင်တုန်းကလည်း အဲလိုလုပ်တယ်။ ဒါပေမဲ့ လူနည်းတယ်။ အခု ပိတ်လိုက်တာက အများကြီး ဖြစ်နေတာပေါ့။ အဓိကက ဒီဘက်နဲ့ ကုန်သွယ်မှု လုပ်နေတဲ့ တရုတ်ကုန်သည်တွေက အခွန် ရှောင်တာတွေရှိလို့ ကုန်သည်တွေ အကောင့်ကို ပိတ်လိုက်တာပါတယ်”ဟု မူဆယ်ဘက်သို့ သကြားတင်ပို့သည့် ကုန်သည် ဦးဝင်းဌေးက ပြောကြားသည်။

နယ်စပ်နေ ပို့ကုန်၊ သွင်းကုန်လုပ်ငန်း ရှင်များ၏ ငွေစာရင်းထောင်နှင့်ချီ အပိတ်ခံရသောကြောင့် ယွမ်ငွေ သိန်း ၂၀ဝ၀ ကျော် ဆုံးရှုံးသွားပြီး မူဆယ်နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေရသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပြိုလဲနိုင်ကြောင်း ၎င်းကဆိုသည်။

မူဆယ် ၁၀၅ မိုင် ကုန်စည်ဈေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်များ အဓိက တင်ပို့နေကာ အခြားကုန်စည်များကိုလည်း တင်ပို့ခြင်း၊ တင်သွင်းခြင်းများ ပြုလုပ်နေသည့် ကုန်စည်ဈေးကွက်ကြီးဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် အကြီးဆုံး နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သည်။

J-13


  • VIA