News

POST TYPE

POPULAR POST

ရန်ကုန်ဆေးရုံကြီးတွင် နေ့စား လပေး ဝန်ထမ်းများ ခန့်မည်
20-Jun-2017

ရန်ကုန်၊ ဇွန် ၁၉

ခုတင်နှစ်ထောင်ဆေးရုံအဖြစ် တိုးချဲ့ထားသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်နေသည့် အောက်ခြေဝန်ထမ်းများကို ကန်ထရိုက်စနစ် ငှားရမ်းမှု အပါအဝင် နေ့စား လပေး ဝန်ထမ်းပုံစံဖြင့် လူဦးရေ ၅၀ဝ ခန့်အထိ ခန့်အပ်မည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ပုဂ္ဂလိက ကန်ထရိုက်စနစ်ဖြင့် ဆေးရုံဝန်ထမ်းများ ငှားရမ်းခန့်အပ်ရာတွင် သန့်ရှင်းရေးနှင့် လုံခြုံရေး ဝန်ထမ်းများကို အဓိက အသုံးပြုရမည်ဟု ညွှန်ကြားထားပြီး အခြားလိုအပ်သော ဆေးရုံအကူဝန်ထမ်း၊ လူနာတင်ယာဉ်မောင်းသည့် ဝန်ထမ်းများကိုမူ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် ချိတ်ဆက်၍ နေ့စား လပေး ဝန်ထမ်းအနေနှင့် ရွေးချယ် ခန့်အပ်ရမည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးက ဆက်လက် ပြောကြားသည်။

“အောက်ခြေဝန်ထမ်း လိုအပ်ချက်အလိုက် စိစစ် ရွေးချယ်ပြီးတော့ ဖြည့်ဆည်းသွားမယ်။ မေလဆန်းကတော့ အလုပ်သမား ညွှန်ကြားမှုရုံးက ထောက်ခံပေးတဲ့ အယောက် သုံးဆယ်ကို နေ့စား လပေး ဝန်ထမ်းအနေနဲ့ ခန့်ပြီးပြီ။ ကန်ထရိုက်စနစ် ငှားရမ်းသုံးမယ့် အစီအစဉ်ကို တိုင်းကုသရေး ဦးစီးဌာနက ဆုံးဖြတ်မှာပါ”ဟု ၎င်းကဆိုသည်။

ခုတင် နှစ်ထောင်ဆေးရုံနှင့်အညီ အောက်ခြေ ဝန်ထမ်းအင်အား ၁၀ဝ၀ ခန့် ရှိရမည်ဖြစ်သော်လည်း လက်ရှိတွင် ဝန်ထမ်းအင်အား ၄၆၀ ခန့်ဖြင့် နေ့စဉ် လည်ပတ်နေရကြောင်း၊ ဆေးရုံတစ်ရုံ၏ အင်္ဂါရပ်နှင့် ညီညွှတ်စေရန် ဝန်ထမ်း ၅၀ဝ ခန့် ဖြည့်ဆည်းပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ ယခုနှစ် မတ်လ ၂၀ ရက်က ရန်ကုန်တိုင်း ကုသရေးဦးစီးဌာနမှတစ်ဆင့် တင်ပြတောင်းခံခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“အရင်တုန်းက ဝန်ကြီးဌာနအနေနဲ့ ကန်ထရိုက်စနစ် ငှားသုံးမှာကို လုံးဝ မလုပ်ရဘူးလို့ ပြောထားတယ်။ ဆေးရုံကြီးမှာ ကုနေတဲ့လူနာစာရင်းက အရမ်းများလာတော့ မလောက်ငဘူးဆိုတာ သိသွားလို့ အခုအစီအစဉ်ကို ပြန်လက်ခံပေးတာပါ။ ကန်ထရိုက်စနစ်နဲ့ ငှားမယ်ဆိုရင် ကုမ္ပဏီဘက်က အာမခံနိုင်မှုနဲ့ စာချုပ်ပုံစံ ခိုင်မာမှဖြစ်မယ်”ဟု ၎င်းက ဆိုသည်။ 

ရန်ကုန်ဆေးရုံကြီး အနေနှင့် ၂၀၁၆ ခုနှစ်ခန့်က မြလေန ှနမလငခန ှနခကမငအပ အမည်ရှိ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီမှတစ်ဆင့် လုံခြုံရေးဝန်ထမ်း ၅၅ ဦးကို တစ်လလျှင် ကျပ်သိန်း ၈၀ ကျော်ဖြင့် တစ်နှစ်ခန့် ငှားရမ်း အသုံးပြုခဲ့ဖူးပြီး ၂၀၁၇ ခုနှစ်၊ နှစ်ဆန်းပိုင်းက စာချုပ်သက်တမ်း ပြည့်ခဲ့ခြင်းကြောင့် နှစ်ဖက် သဘောတူညီမှုဖြင့် ရပ်ဆိုင်းခဲ့ကြောင်း ရန်ကုန်ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာနထံသို့ နေ့စဉ် လာရောက်ပြသသူ လူနာဦးရေ ၅၀ဝ ခန့်ရှိပြီး အရေးပေါ် ကုသဌာနထံ နေ့စဉ် လာရောက်သည့် လူနာဦးရေ ၃၀ဝ နှင့် ၅၀ဝ ကြားရှိကြောင်း ဆေးရုံကြီး၏ စာရင်းများအရ သိရသည်။

J -17


  • VIA