News

POST TYPE

POPULAR POST

ရန်ကုန်တွင် အငှားအိမ်ရာ တည်ဆောက်မှု ဇူလိုင်လ စမည်၊ အစိုးရဝန်ထမ်းများကို ဦးစားပေး ငှားရမ်းမည်
19-Jun-2017
ရန်ကုန်၊ ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီးတွင် အငှားအိမ်ရာ တည်ဆောက်မှုစီမံကိန်းကို ယခုနှစ် ဇူလိုင်လတွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

အငှားအိမ်ရာ စီမံကိန်းကို ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် (၄၈) ရပ်ကွက်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နေရာနှစ်နေရာတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောကြားသည်။

“အငှားအိမ်ရာ စီမံကိန်းတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ သွားမှာဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်အပြင် နေပြည်တော်နဲ့ မန္တလေးတိုင်းမှာလည်း ဆောက်ဖို့ စီစဉ်နေတယ်။ အငှားအိမ်ရာ တည်ဆောက်မယ့်နေရာ၊ အခန်း အရေအတွက်၊ ဆောက်လုပ်မယ့် အမျိုးအစားကို ဆွေးနွေးနေပါတယ်။ မကြာခင် ကြေညာပေးသွားမယ်”ဟု ၎င်းက ဆိုသည်။

အငှားအိမ်ရာများကို အစိုးရအနေဖြင့် လက်ရှိတွင် လူဦးရေ များပြားသည့် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတိုင်း ဒေသကြီး သုံးခု၌သာ ပထမအဆင့် ဆောက်လုပ်သွားမည်ဖြစ်ပြီး ဈေးနှုန်းသက်သာစွာ အစိုးရဝန်ထမ်းများကို ဦးစားပေး ငှားရမ်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

အဆိုပါ စီမံကိန်း ဖော်ဆောင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်သည့် နိုင်ငံတော် အငှားအိမ်ရာ ဖော်ဆောင်ရေး ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်ကြောင်းနှင့် တည်ဆောက်ရေးအပိုင်းကို ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းဘက်မှ တည်ဆောက်သွားမည် ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရဘက်မှ ကုန်ကျမည့် ဘတ်ဂျက်နှင့် ရောင်းချမည့်ပုံစံများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

အစိုးရ အဆက်ဆက်တွင် အငှားအိမ်ရာများ အများအပြား ဆောက်လုပ်၍ ပြည်သူ့ဝန်ထမ်း နိုင်ငံ့ဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများကို ဈေးနှုန်း ချိုသာစွာ ငှားရမ်းခဲ့ပြီး အိမ်ရာထိန်းသိမ်းမှု ကိစ္စများ၊ အိမ်လခ ကောက်ခံသည့်ကိစ္စများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စီမံဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။

J-10


  • VIA