News

POST TYPE

POPULAR POST

ခရီးဆောင်ငွေပေးကတ် လက်ထဲတွင် မြှုပ်သွင်းထည့်သည့်စနစ် စမ်းသပ်
16-Jun-2017 tagged as နည်းပညာ

စတော့ဟုမ်း၊ ဇွန် ၁၅

ခရီးထွက်သည့်အခါ ငွေထုတ်ငွေပေးကတ်များ အိမ်တွင် ကျန်ခဲ့သောကြောင့် ရထားစီးမရ၊ လေယာဉ်စီးမရ၊ ကားမစီးနိုင်သည့် အဖြစ်များက လွန်မြောက်နိုင်ရေးအတွက် ဆွီဒင်နိုင်ငံ ရထားလိုင်းတစ်ခု ဖြစ်သည့် SJ Rail ကုမ္ပဏီသည် ရထားစီး ခရီးသည်များအား မိုက်ခရိုချစ်ပ်များကို လက်အသားထဲတွင် ထည့်သွင်းပေးထားပြီး ငွေပေးချေမှုကို လက်ခံသည့်စနစ်အား စတင်အသုံးပြုနေပြီ ဖြစ်ကြောင်း Sun Online သတင်းတွင် ဖော်ပြထားသည်။ 

SJ Rail ကုမ္ပဏီသည် ရထားစီး ဖောက်သည် ၁၀၀ ကို မိမိတို့ ဆန္ဒအရ လက်အသားထဲတွင် မိုက်ခရိုချစ်များ မြှုပ်နှံထည့်သွင်းပေးထားပြီး ဝန်ဆောင်မှုပေးခြင်းအား ရထားပေါ်တွင် စတင်စမ်းသပ် အသုံးပြုနေကြောင်း ယင်းသတင်းက ဆိုသည်။

မိုက်ခရိုချစ်ပ် အသေးစားလေးများကို ဆွီဒင်နိုင်ငံတွင် အသုံးပြုနေမှုသည် အထူးအဆန်း မဟုတ်တော့ဘဲ လူပေါင်း ၂၀၀၀၀ ကျော်ခန့်သည် ရုံးဝင်ရုံးထွက်စနစ်အဖြစ် လည်းကောင်း၊ အစားအစာများ ဝယ်ယူရန် ငွေပေးချေရေးအတွက် လည်းကောင်း အသုံးပြုနေကြပြီ ဖြစ်သည်။

SJ Rail ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ရေးက သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းရာ၌ ဆွီဒင်၊ စတော့ဟုမ်းမြို့ရှိ Epicenter ကုမ္ပဏီတွင် ဝန်ထမ်းများအားလုံး၏ လက်အတွင်း၌ မိုက်ခရိုချစ်စ်ကို မြှုပ်နှံထားမှ အလုပ်ဆင်း အလုပ်တက်ခြင်းကို မှတ်တမ်းယူကြောင်း၊ ရထားစီး ခရီးသည်များကို ချစ်ပ်မြှုပ်သွင်းစနစ်ဖြင့် ငွေပေးချေခြင်းမှာ ဆွီဒင်နိုင်ငံတွင် ပထမဆုံး စတင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ချစ်ပ်ကို ထည့်သွင်းထားသည့် ဖောက်သည်များ၏ ကိုယ်ရေးကို မီးရထားဝန်ထမ်းကသာ သူကိုင်ဆောင်ထားသည့် LinkedIn တွင် ဖော်ဆောင်ကြည့်နိုင်ကြောင်း၊ မည်သည့်ခရီးအတွက် မည်မျှပေးဆောင်ရန် ရှိသည်၊ ခရီးမည်မျှသွားပြီပြီ၊ ငွေမည်မျှကျန်သည် စသော အသေးစိတ် အချက်အလက်များကို ရထားကုမ္ပဏီကသာ သိနိုင်ကြောင်း၊ အချက်အလက်များမှာလည်း အထူးလုံခြုံမှုအဆင့် ဖြစ်ကြောင်း ယင်းက ဆိုသည်။

ဆန်စေ့အလုံးခန့်သာ ရှိသည့် ချစ်ပ်အသေးစားလေးများကို လက်၏ သွေးကြောအတွင်း ဆေးထိုးအပ်ဖြင့် ထိုးထည့်ပေးလိုက်ရုံသာ ဖြစ်ပြီး အန္တရာယ်မရှိကြောင်း၊ NFC (Near Field Communication) စနစ်ဖြင့် အသားထဲ ထည့်ထားသည့် ချစ်ပ်ကို မိုဘိုင်လ်ဖုန်းနှင့်ချိတ်ပြီး ငွေပေးချေမှုများကို အမြန်ဆုံး အသိအမှတ်ပြုစေရန် လုပ်ဆောင်နိုင်ကြောင်း Sun Onlineတွင် ရေးသားထားသည်။