News

POST TYPE

POPULAR POST

ယခုနှစ်တွင် မူးယစ်ဆေးဝါး အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော် ဖျက်ဆီးမည်
15-Jun-2017 tagged as မူးယစ်ဆေးဝါး

ရန်ကုန်၊ ဇွန် ၁၄

ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြစ်သည့် ဇွန်လ ၂၆ ရက်တွင် တိုင်းနှင့်ပြည်နယ် သုံးခု၌ မီးရှို့ဖျက်ဆီးရန် စီစဉ်ထားသော မူးယစ်ဆေးဝါးများ၏ တန်ဖိုးငွေသည် အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော် ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမူးယစ်(ဗဟို) အဖွဲ့ထံမှ သိရသည်။

မီးရှို့ဖျက်ဆီးရာတွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် ဖျက်ဆီးမည် ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင်လည်း အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော် (ကျပ်သန်း ၆၆၇၃၂ ကျော်) နှင့် ညီမျှသော မူးယစ်ဆေးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“တစ်နှစ် တစ်ကြိမ်ကျ နှစ်စဉ်လုပ်ပါတယ်။ မူးယစ်မှုတွေကျ တရားရုံးက စီရင်ဆုံးဖြတ်မှု မလုပ်ရသေးရင် မီးရှို့ဖျက်ဆီးစာရင်းထဲကို ပါမလာတော့တာ ရှိတယ်။ ဒါတွေကျ နောက်နှစ် ဒီလိုအချိန်မှာ ထပ်ပေါင်းပြီးတော့ ရှို့ပစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ်အတွင်း သိမ်းဆည်းရရှိခဲ့သော စာရင်းအရ မူးယစ်အမှုပေါင်း ၈၈၀၀ နီးပါး ရှိခဲ့ပြီး ကျူးလွန်သူ ၁၃၅၉၁ ဦး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါး အမျိုးအစား ၄၇ မျိုးအနက်မှ စိတ်ကြွဆေးပြား ၉၈ သန်း အပါအဝင် အိုက်စ် ၂၄၆၄ ကီလိုဂရမ်နှင့် ဘိန်းဖြူ ၇၆၉ ကီလိုဂရမ် ပါဝင်ခဲ့ကြောင်း မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

“ဒီနှစ်မီးရှို့ဖျက်ဆီးမှာလည်း တန်ဖိုးငွေ အမေရိကန်ဒေါ်လာ သန်းတစ်ရာ အထက်မှာပါပဲ။ စိတ်ကြွဆေး၊ အိုက်စ်နဲ့ ဘိန်းဖြူတွေ အများဆုံးပါတယ်” ဟု မြန်မာနိုင်ငံ မူးယစ်ဗဟိုအဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက မှတ်ချက်ပြုသည်။

ယခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် မီးရှို့ဖျက်ဆီးမည့် စာရင်းတွင် ပါဝင်ဖွယ်ရှိသော စံချိန်တင် မူးယစ်အမှုကြီးအချို့ကို သိမ်းဆည်းရရှိခဲ့ခြင်းကြောင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ် အတွင်း၌ နှစ်အလိုက် မီးရှို့ဖျက်ဆီးခဲ့သော တန်ဖိုးငွေထက် များနိုင်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုအဖွဲ့ထံမှ သိရသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၃ ရက်တို့တွင် သုံးရက်ဆက်တိုက် သိမ်းဆည်းရရှိခဲ့သော မင်္ဂလာဒုံမြို့၌ စိတ်ကြွဆေးပြား နှစ်သန်း ရှာဖွေတွေ့ရှိမှု၊ ပြည်-ပန်းတောင်း ကားလမ်းတွင် စိတ်ကြွဆေးပြား ၁၄ သန်း ရှာဖွေတွေ့ရှိမှုနှင့် မောင်တောမြို့နယ်၊ မြန်မာ့ရေပိုင်နက် အတွင်းရှိ စက်လှေပေါ်တွင် စိတ်ကြွဆေးပြား တစ်သန်း ရှာဖွေဖမ်းဆီးမိခဲ့သည်။ 

အဆိုပါ မီးရှို့ဖျက်ဆီးသည့် လုပ်ငန်းများကို မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ခွဲမှူးရုံးများ အခြေစိုက်ရာ ရန်ကုန် (အထက်မြန်မာပြည်)၊ မန္တလေး (အောက်မြန်မာပြည်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်တို့တွင် ဇွန်လ ၂၆ ရက်၊ နံ နက် ၉နာရီခန့်တွင် တစ်ပြိုင်တည်း မီးရှို့ဖျက်ဆီးမည်ဖြစ်သည်။              

J-17