News

POST TYPE

POPULAR POST

နေရာပြန်ငှားသည့် ကျူးများကို စမတ်ကတ်များ ပြန်သိမ်းမည်
12-Jun-2017
ရန်ကုန်၊ ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်မြေများပေါ်တွင် နေရာပြန်လည် ငှားရမ်းနေသူများကို စမတ်ကတ်များ ပြန်သိမ်းမည်ဖြစ်ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ် အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဆိုသည်။

“တချို့မြို့နယ်ဆိုရင် ကျူးမြေကိုပဲ အိမ်တွေ နှစ်လုံး၊ သုံးလုံးဝယ်ပြီး ပြန်ငှားစားထားတာတွေ ရှိတယ်။ အဲလို အိမ်ရှင်မျိုးကို စမတ်ကတ် ပြန်သိမ်းမယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းအတွင်း နေထိုင်လျက်ရှိသည့် ကျူးကျော်နေထိုင်သူ စာရင်း ကောက်ယူရာတွင် မှန်းထားသည့် အရေအတွက်ထက် ကောက်ယူထားပြီး ဖြစ်သည့်စာရင်းမှာ ပိုမို များပြားနေသဖြင့် အဆိုပါကိစ္စကို နိုင်ငံတကာ အဖွဲ့အစည်းဖြင့် ပြန်လည် စိစစ်မည်ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

ကျူးကျော်စာရင်း ကောက်ခံမှုတွင် မှားယွင်း ကောက်ခံမှုများရှိပြီး ကျူးကျော်စာရင်းစံနှုန်းတွင် ပါဝင်ခြင်း မရှိသည့် အိမ်ထောင်စုများ စမတ်ကတ် ထုတ်ပေးထားသည့်ကိစ္စကို ပြန်လည်ဆွေးနွေးနေကြောင်း ၎င်းက ပြောကြားသည်။

ကျူးမြေဖြစ်သော်လည်း ငွေကြေးတတ်နိုင်သူများက ကျူးမြေများ ဝယ်ယူကာ အိမ်ဆောက်ငှားရမ်းနေမှုများ ရှိနေပြီး ၎င်းတို့ကို ကျူးစာရင်းတွင် စမတ်ကတ် ပေးရန် သတ်မှတ်ထားခြင်း မရှိဘဲ ဌာနဆိုင်ရာ မြေပေါ်တွင် နေထိုင်ခြင်း၊ ကျူးအိမ်တွင် ငှားရမ်းနေထိုင်ခြင်း၊ ပလပ်ကွက်များတွင် အလျဉ်းသင့်သလို ဝင်ရောက်နေထိုင်ခြင်းများကို ကျူးအဖြစ် သတ်မှတ်ကာ စာရင်း ကောက်ခံခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ငှားရမ်းထားသူများ (အိမ်ရှင်) ကို ကျူးအဖြစ် မြို့နယ်အချို့က ကောက်ခံထားမှုရှိပြီး အချို့သော မြို့နယ်တွင် ကောက်ခံထားခြင်း မရှိကြောင်း၊ အမှန်တကယ် နေထိုင်ရန် အခက်အခဲရှိသူများကိုသာ ပြန်လည် နေရာချထားပေးရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရွှေပေါက်ကံ မြို့သစ်တွင် ရပ်ကွက် ခွဲပေါင်း ၁၂ ရပ်ကွက်ရှိပြီး ကျူးကျော်နေထိုင်သူများမှာ ရပ်ကွက် ကိုးခုခန့်ရှိကာ အိမ်ထောင်စုပေါင်း ၃၀ဝ၀ ခန့် ကျူးကျော် နေထိုင်မှု ရှိကြောင်း အဆိုပါမြို့သစ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

“အရောင်းအဝယ်စာချုပ်နဲ့ ဝယ်ယူ နေထိုင်သူ အိမ်ရှင်၊ အိမ်ငှားတွေကို စမတ်ကတ်တွေလည်း ထုတ်ပေးတယ်။ တချို့ ကျူးမြေပေါ်မှာပဲ ငှားစားထားတဲ့ အိမ်ရှင်ကိုလည်း စမတ်ကတ်တွေ ထုတ်ပေးတာ တွေ့တယ်”ဟု ရွှေပေါက်ကံမြို့သစ်ဒေသခံတစ်ဦးက ဆိုသည်။

စမတ်ကတ်များ ထုတ်ပေးရာတွင် အရောင်းအဝယ် စာချုပ်ဖြင့် ဝယ်ယူသည့် အိမ်ရှင်ထံ တစ်ဆင့်ခံ ငှားရမ်းနေထိုင်သူများကို ကျူးအဖြစ် သတ်မှတ်ကာ စမတ်ကတ်များ ထုတ်ပေးထားမှုများ ရှိသည့်အတွက် စမတ်ကတ် မရရှိသည့် အိမ်ရှင်များနှင့် အငြင်းပွားမှုများလည်း ရှိကြောင်း မြောက်ဒဂုံမြို့နယ် ဒေသခံများထံမှ သိရသည်။

ကျူးကျော်စာရင်း ကောက်ယူမှုကို ကနဦးစီမံချက် (Pilot Project)အရ  ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှ စတင် ကောက်ယူခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း မြို့နယ် ၁၃ ခု၌ တရားမဝင် နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉ ၊ အိမ်ထောင်စု  ၁၆၇၇၃၈ စုရှိကာ ကျူးကျော်နေထိုင်သူ ဦးရေ ၄၃၁၀၅၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

J-06


  • VIA