News

POST TYPE

POPULAR POST

ရခိုင်ပြည်နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး
12-Jun-2017
ရန်ကုန်၊ ဇွန် ၁၂

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာတွင် ဇွန်လ ၁၂ ရက် နံနက် ၃ နာရီက လေဆင်နှာမောင်း တိုက်ခတ်ခဲ့မှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးကာ  လူခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါမြို့နယ် မဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်နှင့် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သူ ဦးစံကျော်လှက ပြောကြားသည်။

နေအိမ်အချို့လွင့်ပါခဲ့ရာတွင် “သေဆုံးခဲ့တဲ့ အမျိုးသမီးနှစ်ဦးက တစ်အိမ်ထဲနေတဲ့ မိသားစုတွေချည်းပဲ။ လေဆင် နှာမောင်းနဲ့ အိမ်က လွင့်ပါသွားတော့ လူတွေကလည်း တော်တော်ဝေးဝေးမှာ သေဆုံးနေခဲ့ကြတယ်။ အသက် ၈၂ နှစ် အဘွားကြီးရယ်၊ အသက် ၂၉ နှစ်ရှိတဲ့ ချွေးမရယ်က နေရာမှာပဲ သေဆုံးနေပေမယ့် သုံးနှစ်အရွယ် ကလေးက အသက် မဆုံးရှုံးဘဲ ကျန်ရစ်ခဲ့ပါတယ်။ လောလောဆယ် ဒီကလေးကို ဆေးရုံ ပို့ထားတယ်”ဟု ၎င်းကဆိုသည်။

လေဆင်နှာမောင်း တိုက်ခတ်ခဲ့သော ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးရုပ်ကျေးရွာသည် အိမ်ခြေပေါင်း ၁၇၀ဝ ကျော်ရှိသည့် ကျေးရွာအုပ်စုကြီးဖြစ်ပြီး လုံးဝ ပျက်စီးဆုံးရှုံးခဲ့သော နေအိမ် ၁၈ လုံးနှင့် နေအိမ် အမိုးလန်သော နေအိမ် ၁၂ လုံး ခန့်ရှိကြောင်း၊ လက်ရှိတွင် သေဆုံးခဲ့သော အသက် ၈၂ နှစ်အရွယ် ဒေါ်ရွှေမဖြူနှင့် အသက် ၂၉ နှစ်အရွယ် မခင်ကျော်တို့ နှစ်ဦးအတွက် ၎င်းတို့ မိသားစုထံ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကျပ်နှစ်သိန်းစီနှင့် ဒဏ်ရာရရှိသူ ခြောက်ဦးနှင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်များအတွက် ကျပ် ၁၂ သိန်း ထောက်ပံ့ကူညီထားကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“နံနက် ၃ နာရီလောက်မှာ လေပြင်းဝင်လာတာ ကုန်တင်ကားကြီး တစ်စီးအနားကို ဖြတ်သွားသလို အသံကြီး အရင်ကြားရတယ်။ ပြီးတော့မှ လေဆင်နှာမောင်းက အိမ်တွေကို ဆွဲယူသွားတာ။ အိမ်တချို့ ပေ ၃၀ဝ ကျော်အထိ လွင့်ပါသွားကြတယ်။ သေဆုံးသူနှစ်ဦးကိုလည်း အဲ့ဒီအနီးမှာပဲ ရှာဖွေတွေ့ခဲ့တာပါ”ဟု လေဆင်နှာမောင်း တိုက်ခတ်ခဲ့သော ယိုးတရုပ်ကျေးရွာသို့ ကွင်းဆင်း သတင်းရယူခဲ့သူ ရခိုင်ပြည်လွှတ်တော် ဂျာနယ်မှ ဦးစံမြတ်ရွှေက အတည်ပြု ပြောကြားသည်။

ထို့အပြင် ရခိုင်ပြည်နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ လေဆင် နှာမောင်း တိုက်ခတ်၍ သေဆုံးသူ နှစ်ဦးအတွက် တစ်ဦးလျှင် သုံးသိန်းထောက်ပံ့ကာ ဒဏ်ရာရရှိသူများအတွက် တစ်ဦးလျှင် ငါးသောင်းကျပ်စီ ထောက်ပံ့ကူညီထားကြောင်း ရခိုင်ပြည်နယ် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းကျော်ဌေးက ပြောကြားသည်။

“ပြိုကျသွားတဲ့အိမ်တွေက တဲအိမ်တွေလည်းပါတယ်။ သွပ်မိုး၊ ဓနိကာနဲ့ ပျဉ်ထောင်အိမ်တွေလည်း ပါတယ်။ ထောက်ပံ့နေပါတယ်၊ အိမ်ထောင်စု ၁၈ စုမှာ အိမ်ခြေမဲ့သွားတဲ့ လူပေါင်း ၈၆ ယောက်ကို ယိုးတရုပ်ရွာလယ်က ဓမ္မာရုံမှာ ယာယီ နေရာချပေးထားတယ်”ဟု ၎င်းက ဆိုသည်။

အလားတူ ဇွန်လ ၁၂ ရက်၊ နံနက် ၉ နာရီခန့်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးတွင် လေပြင်း ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် ဓနိမိုး ထရံကာနေအိမ် ခုနစ်လုံး ပျက်စီးခဲ့ပြီး ဂွမြို့နယ်တွင်လည်း ရွာသစ်ကုန်းကျေးရွာ၌ စက်မှု (၁) ဝန်ကြီးဌာနပိုင် ရော်ဘာဂိုဒေါင် တစ်လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ထို့အပြင် ယခုရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်အနှံ့တွင် လေဆင် နှာမောင်းနှင့် လေပြင်းများ ထပ်မံ တိုက်ခတ်နိုင်ခြေ ရှိခြင်းကြောင့် ပြည်သူများ သတိထားရန် လိုအပ်ကြောင်း ကျောက်ဖြူ မုန်တိုင်း တိုင်းတာရေး ရေဒါ စခန်းထံမှ စုံစမ်းသိရှိရသည်။

J- 17


  • VIA