News

POST TYPE

POPULAR POST

ကလေးငယ်များအား တောင်းရမ်းခိုင်းသူကို ထောင်ဒဏ် တိုးမြှင့်သည့် ဥပဒေပြင်ဆင်
12-Jun-2017
ရန်ကုန်၊ ဇွန် ၁၂

မြန်မာနိုင်ငံအနှံ့တွင် တောင်းရမ်း စားသောက်နေသော ကလေးငယ်များအား စေခိုင်းသည့်လူများကို ထောင်ဒဏ် တိုးမြှင့်အရေးယူနိုင်ရန် ၁၉၉၃ ခုနှစ် ကလေးသူငယ် အခွင့်အရေးဥပဒေကို ပြင်ဆင်ရေးဆွဲထားပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထိုသို့ ပြင်ဆင်ရေးဆွဲထားသည့် ဥပဒေမူကြမ်းကို လာမည့်ပြည်သူ့လွှတ်တော်တွင် အတည်ပြုနိုင်ရန် တင်ပြမည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

“နိုင်ငံအနှံ့မှာ အရွယ်မရောက်သေးဘဲ တောင်းရမ်းစားသောက်နေရတဲ့ ကလေးသူငယ်တွေ များလာတယ်။ အဓိကတော့ နောက်ကွယ်က စေခိုင်းသူတွေကြောင့်ပေါ့။ ဒီလို စေခိုင်းသူတွေကို ကြပ်ကြပ်မတ်မတ် အရေးယူနိုင်ဖို့ မူရင်း ပြစ်ဒဏ်ထက် ခုနစ်ဆ၊ ရှစ်ဆ တိုးမှာပါ။ လွှတ်တော်က အတည်မပြုရသေးတဲ့ ဥပဒေကြမ်းအဆင့်ဆိုတော့ တိတိကျကျ ပြောဖို့ ခက်တယ်”ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

လက်ရှိကျင့်သုံးနေသော ကလေးသူငယ် အခွင့်အရေး ဥပဒေအခန်း ၁၇၊ ပုဒ်မ ၆၅ တွင် တောင်းရမ်းစားသောက်ရန် ကလေးများ၏ နောက်ကွယ်မှ စေခိုင်းသူကို တွေ့ရှိလျှင် ဒဏ်ငွေ တစ်သောင်းကျပ်နှင့် ထောင်ဒဏ်ခြောက်လ အရေးယူရန် သတ်မှတ်ထားသော်လည်း ကလေးငယ်များကို တောင်းရမ်းစေခိုင်းသည့် လူများမှာ ဥပဒေအပေါ် ထိတ်လန့်မှု နည်းပါးနေခြင်းကြောင့် ယခုဥပဒေကြမ်းတွင် အဆိုပါပုဒ်မ၏ ပြစ်မှုနှင့်ပြစ်ဒဏ်များကို တိုးမြှင့်ထားခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်က ပြောကြားသည်။

“လေလွင့်တောင်းရမ်းနေတဲ့ ကလေးသူငယ်တွေကို လူမှုဝန်ထမ်းဌာနအောက်က ကျောင်းတွေ ပို့ဆောင်ပြီး ထိန်းသိမ်းပေးနေပေမယ့် တချို့မိဘရှိတဲ့ သူကို မိဘဆီ ပြန်အပ်တယ်၊။ မိဘဆီ ပြန်ရောက်သွားတဲ့ ကလေး အများစုကပဲ တောင်းရမ်းဖို့ လမ်းပေါ် ပြန်ရောက်လာတယ်။ ဒါတွေက အဆိုးဝါးဆုံး ဖြစ်နေတယ်”ဟု ၎င်းက မှတ်ချက်ပြု ပြောဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနအနေနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကို ရေးဆွဲရာတွင် ကလေး သူငယ်များ အသက်ရှင်ခွင့်၊ တိုးတက်ဖွံ့ဖြိုး ခွင့်၊ အစောင့်အရှောက် ခံပိုင်ခွင့်နှင့် ပါဝင်ခွင့် စသော အခွင့်အရေး လေးရပ်ကို ဦးတည်ခြင်းဖြစ်သည်။

ယခုနှစ်အတွင်း ရန်ကုန်နှင့် မန္တလေးမြို့ရှိ လေလွင့်တောင်းရမ်း စားသောက်နေသော ကလေးငယ်များကို စစ်တမ်း ကောက်ယူရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စီစဉ်လျက်ရှိပြီး အဆိုပါဥပဒေအရ အသက် ၁၆ နှစ်အောက် လူငယ်များသည် ယင်းဥပဒေအတိုင်း စောင့်ရှောက် ခံစားခွင့် ရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။           

J-17


  • VIA