News

POST TYPE

POPULAR POST

ဘားအံ မဘသ ထပ်ဆင့်အသိပေးပွဲတွင် ဆရာတော် ဦးဝီရသူ ရှင်းလင်း
12-Jun-2017

ဘားအံ ၊ ဇွန် ၁၂

ကရင်ပြည်နယ် ဘားအံမြို့ရှိ မဲဘောင်ကျောင်းတွင် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)၏ ထပ်ဆင့် အသိပေးရှင်းလင်းပွဲကို ဇွန်လ ၁၁ ရက်က ပြုလုပ်ခဲ့ရာ မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တ ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) တက်ရောက် ရှင်းလင်း ပြောဆိုခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲကို တရားဟောခွင့် အပိတ်ခံထားရသော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)မှ ဆရာတော် ဦးဝီရသူ အပါအဝင် ဆရာတော် ဦးသုစိတ္တနှင့် မဘသအဖွဲ့ဝင် ရှေ့နေ ဦးအေးပိုင်တို့ ရှင်းလင်းဟောပြောခဲ့ပြီး ပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်မှ ရဟန်း သံဃာ ၁၇၀ဝ နှင့် မဘသအဖွဲ့ဝင် ၅၀ဝ၀ ခန့် တက်ရောက်ခဲ့ကြောင်း ယင်းအခမ်းအနားထံမှ သိရသည်။

“ဒီမိုကရေစီ ဆိုတာက များရာကို ဦးစားပေးတဲ့စနစ်၊ ဒီစနစ်အတိုင်း ဆက်သွားမယ်ဆိုရင် မဘသအဖွဲ့ကြီးရော၊ အမျိုး ဘာသာ သာသနာအတွက် ဘာမှ စိုးရိမ်စရာ မရှိပါဘူး၊ ဒါပေမဲ့ အိမ်ရှင် အခွင့်အရေးကိုလည်း ဖဲ့ထုတ်ချင်တယ်၊ များရာကို ဦးစားပေးတဲ့စနစ်ကြီးကိုလည်း ဖျောက်ဖျက်ချင်တယ်၊ နိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေး အားလုံး ဆုံးရှုံးပြီး အိမ်ရှင်တွေကပဲ မျက်နှာငယ်ရတယ်”ဟု မဘသဆရာတော် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ (ဦးဝီရသူ)က ပြောကြားသည်။

တစ်နိုင်ငံလုံးရှိ မဘသဆိုင်းဘုတ်များကို  ဖြုတ်သိမ်းပေးရန် သံဃာမဟာ နာယက အဖွဲ့က ကြေညာထားသည်။ ယင်းရှင်းလင်းပွဲတွင် အခြေအနေအရ အလျှော့ပေးကာ ဗုဒ္ဓ၊ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဆိုပြီး အမည်ပြောင်းလဲ သွားသော်လည်း မဘသအဖွဲ့သည့် ပျက်သုန်းသွားခြင်း မဟုတ်ဘဲ အမျိုး ဘာသာ သာသနာရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်မည်ဖြစ်ကြောင်း မဘသအဖွဲ့ဝင် စာရေးဆရာ မောင်သွေးချွန်က ပြောဆိုသည်။

ဘားအံမြို့ခံ ဦးကျော်ကျော်ကမူ “တရားဟောခွင့် ပိတ်ထားတဲ့ ဆရာတော်တစ်ပါးက ဟောပြောနေတာ မြို့နယ်အုပ်ချုပ်ရေးက တားလို့ရတယ်၊ သာသနာရေးကလည်း ခွင့်ပြုချက် ပေးထားလားပေါ့၊ တကယ်ဆိုရင်တော့ မဘသ တွေ့ဆုံ ရှင်းလင်းပွဲမျိုးကို ခွင့်ပြုချက်ကို မပေးသင့်ဘူး”ဟု ဆိုသည်။  

R-17


  • VIA